၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ မြန်မာနိုင်ငံ၌ Brand New ကားသစ် ၁၅၁၄၅ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ခြောက်ရာခိုင်နှုန်းခန့် မြင့်တက်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ မြန်မာနိုင်ငံ၌ Brand New ကားသစ် ၁၅၁၄၅ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ခြောက်ရာခိုင်နှုန်းခန့် မြင့်တက်
ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်ရှိ Suzuki စက်ရုံဝင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်ရှိ Suzuki စက်ရုံဝင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 13 November 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ မြန်မာနိုင်ငံ၌ Brand New ကားသစ် ၁၅၁၄၅ စီးရောင်းချနိုင်ခဲ့ပြီး COVID-19 ကြောင့် ဧပြီ၊ မေနှင့် စက်တင်ဘာတွင် ရောင်းအားထိုးဆင်းခဲ့ကာ ယခင်နှစ်ကာလတူထက် ရောင်းအား ၅ ဒသမ ၉ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ASEAN Automotive Federation မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အာဆီယံစျေးကွက် တစ်ခုလုံး အနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ကားသစ်ရောင်းချမှုပမာဏ ၂၄၃၀၆၂ စီးရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကားသစ်ရောင်းချမှု ပမာဏ ၁၄ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် ကျဆင်းမှုနှုန်း ၃၉ ရာခိုင်နှုန်း ရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီးရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ် ကာလတူထက် အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်းအားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင်လည်း ယခင်နှစ် ကာလတူထက် ၄၃၉၂ စီး ပိုမိုရောင်းနိုင်ခဲ့ကာ ၂၀၁၉ ခုနှစ် အတွင်း ကားသစ်စီးရေ ၂၁၉၁၆ စီး (တိုးတက် မှုနှုန်း ၂၅ ဒသမ ၁ ရာခိုင်နှုန်း) ရောင်းချနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကားသစ်စီးရေ ၂၀၃၄ စီး၊ ဖေဖော်ဝါရီလတွင် ၂၂၈၆ စီး၊ မတ်လတွင် ၁၉၇၉ စီး ရောင်းချနိုင်ခဲ့ပြီး ဧပြီလတွင် COVID-19 ပထမလှိုင်းကြောင့် ကားအရောင်းပြခန်းများ ပိတ်ထားခဲ့ရသည်။ မေလတွင် ၁၂၅၃ စီး၊ ဇွန်လတွင် ၁၉၈၅ စီး၊ ဇူလိုင်လတွင် ၂၂၅၈ စီး၊ သြဂုတ်လတွင် ၂၂၃၈ စီး ရောင်းချနိုင်ခဲ့ပြီး COVID-19 ဒုတိယလှိုင်းကြောင့် စက်တင်ဘာလတွင် လတစ်ဝက်ခန့်သာ ကားအရောင်းပြခန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၁၁၂ စီးသာ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ကားသစ်ရောင်းချမှု ပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှု ပမာဏတိုးတက်မှု ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း COVID-19 ကာလတွင် ကားတပ်ဆင် ထုတ်လုပ်မှုများ ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၁၄၅၉ စီး၊ ဖေဖော်ဝါရီလတွင် ၁၃၈၈ စီး၊ မတ်လတွင် ၁၂၁၄ စီး ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင် COVID-19 ပထမလှိုင်းကြောင့် ကားထုတ်လုပ်မှုစက်ရုံများ ပိတ်ထားခဲ့ရသည်။ မေလတွင် ၇၀၃ စီး၊ ဇွန်လတွင် ၁၃၁၃ စီး၊ ဇူလိုင်လတွင် ၁၄၃၈ စီး၊ သြဂုတ်လတွင် ၁၅၅၈ စီး ထုတ်လုပ်နိုင်ခဲ့ပြီး COVID-19 ဒုတိယလှိုင်းကြောင့် စက်တင်ဘာလတွင် လတစ်ဝက်ခန့်သာ စက်ရုံများ လည်ပတ်နိုင်ခဲ့ပြီး ၁၅၈၇ စီးသာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသ တစ်ခုလုံး အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှု ရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ နီးပါး၊ ၂၀၁၉ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။

အာဆီယံစျေးကွက် တစ်ခုလုံး အနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ကားသစ်တပ်ဆင် ထုတ်လုပ်မှုပမာဏ ၂၈၆၀၃၄ စီးရှိပြီး ယခင်နှစ် ကာလတူထက် ၂၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ၄၉၃၀ စီးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီးပိုမိုခဲ့ကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ကားစီး ရေ ၁၂၂၉၂ စီးတပ်ဆင် ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၃၆၂ စီးပိုမိုခဲ့ကာ တိုးတက်မှုနှုန်း ၁၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း လအလိုက် ထုတ်လုပ်ခဲ့သည့် ကားသစ်စီးရေ ပမာဏများမှာ ဇန်နဝါရီတွင် ၁၄၀၁ စီး၊ ဖေဖော်ဝါရီတွင် ၁၂၉၈ စီး၊ မတ် တွင် ၁၀၄၃ စီး၊ ဧပြီတွင် ၈၈၅ စီး၊ မေတွင် ၁၅၀၁ စီး၊ ဇွန်တွင် ၁၄၉၂ စီး၊ ဇူလိုင်တွင် ၁၁၃၅ စီး၊ သြဂုတ်တွင် ၁၃၈၁ စီး၊ စက်တင်ဘာတွင် ၁၄၅၃ စီး၊ အောက်တိုဘာတွင် ၁၂၂၆ စီး၊ နိုဝင်ဘာတွင် ၁၂၂၇ စီး၊ ဒီဇင်ဘာတွင် ၁၄၀၄ စီးဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်း ကားစီးရေ ၁၅၄၉၆ စီး ထုတ်လုပ်နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာအတွင်း ကားသစ်ထုတ်လုပ်မှု ၁၁၉၂၇ စီးရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

 

Most Recent