MPT နှင့် MNL တို့ စပွန်ဆာစာချုပ်သက်တမ်းပြည့်သွားပြီဖြစ်သောကြောင့် လာမည့်နှစ်အတွက်အကြမ်းဖျင်း သဘောတူညီမှုရယူထားပြီးဖြစ်ကြောင်း MNL CEO ဦးစိုးမိုးကျော် ပြောကြား

MPT နှင့် MNL တို့ စပွန်ဆာစာချုပ်သက်တမ်းပြည့်သွားပြီဖြစ်သောကြောင့် လာမည့်နှစ်အတွက်အကြမ်းဖျင်း သဘောတူညီမှုရယူထားပြီးဖြစ်ကြောင်း MNL CEO ဦးစိုးမိုးကျော် ပြောကြား
Photo : MNL
Photo : MNL
Published 11 November 2020

 

မြန်မာရှင်နယ်လိဂ် (MNL) ပြိုင်ပွဲ၏အဓိကစပွန်ဆာဖြစ်သည့် ဆက်သွယ်ရေး ကုမ္ပဏီ MPTနှင့် စပွန်ဆာစာချုပ်သက်တမ်း မှာ ပြည့်သွားပြီဖြစ်သောကြောင့် လာမည့်နှစ်အတွက် အကြမ်းဖျင်း သဘောတူညီမှုရယူထားပြီးဖြစ်ကြောင်း MNL အမှုဆောင်အရာရှိချုပ် (CEO) ဦးစိုးမိုးကျော်က Eleven Sports သို့ ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးကုမ္ပဏီ MPT သည် မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲ ၏ Title Sponsor အဖြစ် ၂၀၁၈ ခုနှစ်မှ စတင်ကာ သုံးနှစ်သက်တမ်းရှိစာချုပ်ဖြင့် လက်တွဲခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ရာသီအပြီးတွင် စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ 

"MPT နဲ့လည်း ရှေ့နှစ်တွေမှာ ဆက်လက်လက်တွဲဆောင်ရွက်သွားနိုင်ဖို့အတွက် အကြမ်းဖျင်းပဲ ဆွေးနွေးသဘောတူညီထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ် နှစ်ဖက်သဘောတူ ဆွေးနွေး စာချုပ်အတွက်တော့ နှစ်ဖက်တာဝန်ရှိသူတွေ ထပ်တွေ့ဖို့လိုသလို ညှိနှိုင်းအစည်းအဝေးတွေလည်း ထပ်လုပ်ဖို့ လိုအပ်ပါတယ်။ ညှိနှိုင်းသဘောတူညီချက်တွေအတည်ပြုပြီး Partner Contract စာချုပ်အသစ် လက်မှတ်ရေးထိုးဖို့ကိစ္စတွေ ဆက်လက်စီစဉ်ဆောင်ရွက် သွားမှာပါ" ဟု မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က Eleven Sports သို့ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ်အနေဖြင့် အဓိကစပွန်ဆာအတွက် အတည်မပြုရသေးသော်လည်း MPT နှင့်သာ ဆက်လက်၍ လက်တွဲဖြစ်ဖွယ်ရှိကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ်ကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ မှ ၂၀၁၁ ခုနှစ်အထိ Grand Royal၊၂၀၁၂ မှ ၂၀၁၄ ခုနှစ်အထိ မြန်မာဘရူဝါရီကုမ္ပဏီ၊ ၂၀၁၅ မှ ၂၀၁၆ ခုနှစ်အထိ Ooredoo တို့နှင့် အဓိကစပွန်ဆာအဖြစ် လက်တွဲခဲ့သည်။ 

၂၀၁၇ ပထမရာသီဝက်တွင် အဓိကစပွန်ဆာ ရရှိရန် အခက်အခဲကြုံတွေသဖြင့် ဒုတိယ ရာသီဝက်တွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၏ Max Cement ကုမ္ပဏီက စပွန်ဆာအဖြစ် ထောက်ပံ့ပေးခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ် မှစတင်ကာ MPT နှင့် လက်တွဲနိုင်ခဲ့ပြီး သုံးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ၂၀၂၁ ဘောလုံးရာသီ ပြန်လည်စတင်မည့်ကာလကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

Most Read

Most Recent