၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု၌ သွင်းကုန်တင်သွင်းမှုမြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိပြီး ယခင်နှစ်ထက် ဒေါ်လာသန်း ၃၆၀ ကျော်ပိုမိုဖြစ်ပေါ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု၌ သွင်းကုန်တင်သွင်းမှုမြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိပြီး ယခင်နှစ်ထက် ဒေါ်လာသန်း ၃၆၀ ကျော်ပိုမိုဖြစ်ပေါ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 20 October 2020
ဇေယျာငြိမ်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ သွင်းကုန်တင်သွင်းမှုမြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၆၀ ကျော် ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံမှ တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏ ပို၍များနေခြင်းကို ဆိုလိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၇ ဒသမ ၆၄၃ ဘီလျံရှိသည်။ ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏမှာ ဒေါ်လာ ၁၉ ဘီလျံကျော်အထိ ရှိသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုများကို နှိုင်းယှဉ်ပါက သွင်းကုန်တင်သွင်းမှုသည် ပို့ကုန်တင်သွင်းမှုထက် ဒေါ်လာ ၁ ဒသမ ၃၈၉ ဘီလျံကျော် ပို၍များနေသည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၃၈၉ ဘီလျံအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာ ဖြစ်ပေါ်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၆၃ ဒသမ ၁၈၅ သန်း ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှု မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများ ရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှမဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်း လျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေ လျှော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ် အခက်အခဲများရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

“ တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှု အားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ မွေးမြူရေးက တက်လာတယ်။ ကြက်စာ အရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းကတန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆို တန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလဲ ဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ ဒါတွေက လျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာ ရှိတယ်။ စားအုန်းဆီကလည်း လျှော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆ ဒသမ ၆ ဘီလျံကျော်ရှိပြီး လျာထားချက်ထက် ဒေါ်လာ သုံးဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏရော၊ ပို့ကုန်တင်ပို့မှုရော၊ သွင်းကုန်တင်သွင်းမှုရောမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကထက် ပိုတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၃၆ ဒသမ ၆၆၅ ဘီလျံကျော်ရှိပြီး ယခင်နှစ်ထက် ကုန်သွယ်ပမာဏ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။ ယင်းအနက် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၇ ဒသမ ၆၄၃ ဘီလျံရရှိထားပြီး သွင်းကုန်တင်သွင်းမှုသည် ဒေါ်လာ ၁၉ ဒသမ ၀၂၂ ဘီလျံရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ အထိလျော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာငါးဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။