၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို အခြေခံရည်ညွှန်းစျေး ကျပ် ၅၂၀၀၀၀ စျေးဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးငါးခုရှိ မြို့နယ်ပေါင်း ၇၆ မြို့နယ်တွင်ဝယ်ယူရန် လုပ်ငန်းရှင်များအား တင်ဒါစတင်ခေါ်ယူ

၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို အခြေခံရည်ညွှန်းစျေး ကျပ် ၅၂၀၀၀၀ စျေးဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးငါးခုရှိ မြို့နယ်ပေါင်း ၇၆ မြို့နယ်တွင်ဝယ်ယူရန် လုပ်ငန်းရှင်များအား တင်ဒါစတင်ခေါ်ယူ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စပါးရိတ်သိမ်းနေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စပါးရိတ်သိမ်းနေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 15 October 2020
ဇေယျာငြိမ်း

၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို အခြေခံရည်ညွှန်းစျေး ကျပ် ၅၂၀၀၀ ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးငါးခုရှိ မြို့နယ်ပေါင်း ၇၆ မြို့တွင်ဝယ်ယူရန် လုပ်ငန်းရှင်များအား တင်ဒါအဆိုပြုလွှာများ စတင်ဖိတ်ခေါ်နေပြီဖြစ်ကြောင်း လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၀-၂၀၂၁ မိုးစပါးနှင့် နွေစပါးတို့ကို စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများ တင်သင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် “အစိုဓာတ် ၁၄ ရာခိုင်နှုန်း” ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်းလျှင် ၄၆ ပေါင် ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ငွေ (ငါးသိန်းနှစ်သောင်း) ကျပ်ဖြင့် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။

သို့ဖြစ်၍ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ စပါး၊ ဆန် ဝယ်ယူရေး ကြီးကြပ်လုပ်ငန်းအဖွဲ့များက ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးကို အောက်ဖော်ပြပါဒေသများတွင် တောင်သူများထံမှ စပါးဝယ်ယူမည်ဖြစ်၍ စပါးဝယ်ယူလိုသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခရမ်း၊ သုံး ခွ၊ တိုက်ကြီး၊ ကျောက်တန်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လှည်းကူး၊ သန်လျင်၊ ထန်းတပင်၊ တွံတေး စသည့် ၁၀ မြို့နယ် ပါဝင်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၌ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ၊ လပွတ္တာ၊ မော်ကျွန်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုတ်လတ်၊ ဒေးဒရဲ စသည့် ၂၆ မြို့နယ် ပါဝင်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၌ ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ရွှေကျင်၊ တောင်ငူ၊ ရေတာရှည်၊ ကျောက်ကြီး၊ ဖြူး၊ အုတ်တွင်း၊ ထန်းတပင်၊ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက် စသည့် ၂၈ မြို့ ပါဝင်သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်၊ တနင်္သာရီ၊ ပုလော စသည့် ခုနစ်မြို့နယ် ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့်ငါးမြို့နယ်ပါဝင်သည်။

အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို အောက်တိုဘာ ၁၄ ရက်မှ ၂၈ ရက်အထိ ရောင်းချသွားမည်ဖြစ်သည်။ အိတ်ဖွင့် တင်ဒါပုံစံနှင့် တင်ဒါစည်းမျဉ်းများကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများတွင် ရောင်းချသွားမည် ဖြစ်သည်။

အိတ်ဖွင့်တင်ဒါအဆိုပြုလွှာများကို အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထား၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စပါး၊ ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များထံ တင်သွင်းနိုင်ပြီး တင်ဒါအောင်မြင်သူများကို နိုဝင်ဘာ ၆ ရက်တွင် ကြေညာသွားမည်ဖြစ်ပြီး တစ်ပတ်အတွင်း စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ဒါလက်ခံစိစစ်ရေး ကော်မတီ၊ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် စပါးဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လှည့်ပတ်ရန်ပုံငွေ ကျပ်ဘီလျံ ၂၀ အား တောင်းခံခဲ့ရာ စီးပွားရေးကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းသို့ ဆက်လက်တင်ပြထားပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်အတွက် တင်ဒါစနစ်ဖြင့် မိုးစပါး ဝယ်ယူဆောင်ရွက်နိုင်ရန်အတွက် တင်ဒါစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရေးနှင့် ကန်ထရိုက်စာချုပ်မူကြမ်းပြုစုရေးအဖွဲ့က ရေးဆွဲထားရှိသည့် စပါးဝယ်ယူမည့်စီမံချက်၊ တင်ဒါစည်းကမ်းသတ်မှတ်ချက်များ၊ စပါးဝယ်ယူ၍ ဆန်ပေးသွင်းခြင်းဆိုင်ရာ သဘောတူစာချုပ်မူကြမ်းများနှင့် စပ်လျဉ်း၍ အောက်တိုဘာ ၁၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။