COVID-19 ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း တစ်နှစ်လျှင် တန်ချိန်ရှစ်သန်းထုတ်လုပ်မည့် ရေနံချက်စက်ရုံစီမံကိန်းဆိုင်ရာ ကနဦးဆန်းစစ်ချက်ပြုလုပ်မှု နှောင့်နှေးနေ

COVID-19 ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း တစ်နှစ်လျှင် တန်ချိန်ရှစ်သန်းထုတ်လုပ်မည့် ရေနံချက်စက်ရုံစီမံကိန်းဆိုင်ရာ ကနဦးဆန်းစစ်ချက်ပြုလုပ်မှု နှောင့်နှေးနေ
ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာကို ယခင်နှစ်များက တွေ့ရစဉ် (ဓာတ်ပုံ- ဖြိုးဇင်)
ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာကို ယခင်နှစ်များက တွေ့ရစဉ် (ဓာတ်ပုံ- ဖြိုးဇင်)
Published 13 October 2020
 နီလာ

COVID-19 ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း တစ်နှစ်လျှင် တန်ချိန်ရှစ်သန်း ထုတ်လုပ်မည့်ရေနံချက် စက်ရုံစီမံကိန်းဆိုင်ရာ ကနဦးဆန်းစစ်ချက် ပြုလုပ်နေမှုများ နှောင့်နှေးနေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်က The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၁၃ ရက်က ပြောကြားသည်။

“ အဲဒီကုမ္ပဏီက ကနဦးဆန်းစစ်ချက် Survey လုပ်နေတယ်။ အဲဒါက ဒီလလယ်လောက်မှာပြီးရမှာ။ တကယ့်တကယ်လုပ်မယ့်ကုမ္ပဏီက တရုတ်ကကုမ္ပဏီ။ သို့သော် သူတို့လာလို့မရတဲ့အတွက် မြန်မာပြည်မှာ ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကနဦးဆန်းစစ်ချက်စစ်တမ်းကောက်နေတယ်။ ဒီလထဲမှာပြီးမှာ။ ပြီးရင် ကျွန်တော်တို့ကို အဲဒါနဲ့ပတ်သက်ပြီး တင်ပြတာတွေ လုပ်မယ်။ အဲဒါပြီးတော့ တကယ်စီးပွားဖြစ်နိုင်ခြေ ရှိ မရှိ၊ စီမံကိန်းဆောင်ရွက်နိုင်ခြေရှိမရှိဆိုတဲ့ Survey ကြီးလုပ်ရမှာပေါ့နော်။ အဲဒါအတွက်ကျွန်တော်တို့ဆီမှာ ခွင့်ပြုချက် သူတို့တောင်းလိမ့်မယ်။ အဲဒီမှာ လိုအပ်တဲ့အချက်အလက်တွေ ညှိနှိုင်းပြီးတဲ့အခါကျရင် သူတို့ကိုခွင့်ပြုတယ်ဆိုရင် ဒါကိုဘယ်နေရာမှာ လုပ်ချင်ပါတယ်။ တကယ်လုပ်ရင်သူတို့အတွက် အလုပ်ဖြစ်တယ် မဖြစ်ဘူး၊ သူတို့အတွက် စျေးကွက် ရှိ မရှိ၊ လိုအပ်တဲ့လုပ်သားအင်အား ရရှိနိုင်မှု ရှိ မရှိ စတဲ့အချက်တွေ အကုန်လုံးတွက်ချက်ပြီးတော့ အကုန်လေ့လာရမှာ။ အဲလိုလေ့လာပြီးတော့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတို့ လူမှုရေးအကျိုးသက်ရောက်မှု ဒါတွေကိုလည်းကြည့်။ ကြည့်ပြီးတော့မှ ထပ်ပြီးညှိရမယ်။ COVID ကြီးက ဘယ်တော့မှပြီးမယ်မှန်းမသိတော့ ဒါတွေက အဲလိုတွေဖြစ်နေတယ်” ဟု ဒေါက်တာတင်ထူးနိုင်က ပြောကြားသည်။

ရေနံချက်စက်ရုံစီမံကိန်းဆိုင်ရာ ကနဦးဆန်းစစ်ချက်များလေ့လာပြီးပါက စီမံကိန်း ဖြစ်နိုင်ခြေ၊ ဆောင်ရွက်နိုင်မှုအခြေအနေများကို ဆက်လက်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ စီမံကိန်းဆိုင်ရာ လေ့လာနိုင်ရန် ခွင့်ပြုခြင်းသည် ရေနံချက်စက်ရုံစီမံကိန်းအား လုပ်ကိုင်ခွင့်ပြုခြင်း မဟုတ်သေးကြောင်း သိရသည်။

“ အဲဒီအတွက် ကျွန်တော်တို့ဆီက ခွင့်ပြုချက်တောင်းမယ်။ အဲလိုမျိုးသူတို့ကို လေ့လာဆန်းစစ်ချက် ပေးတယ်ဆိုတာ သူတို့ကို လုပ်ကိုင်ခွင့်ပေးတာ မဟုတ်သေးဘူး။ သူတို့ဆီက တက်လာပြီဆိုမှ တကယ်လုပ်လို့တိုင်း ပြည်အတွက်အကျိုးရှိမရှိ၊ သူတစ်ယောက်တည်းမဟုတ်ဘူးလေ။ ဟောင်ကောင်တို့စတဲ့ တခြားကုမ္ပဏီတွေလည်း ရှိသေးတယ်။ ဂျပန်တို့အနောက်ကုမ္ပဏီတွေကလည်း ဒီလိုပဲ ဆန်းစစ်မှုတွေ လုပ်အုံးမှာ။ အဲဒါတွေ ပြီးတော့မှ ဘယ်ကုမ္ပဏီက အကောင်းဆုံးဖြစ်မလဲဆိုတာကို ဒေသခံတွေ ဒေသခံအစိုးရရော ပြည်ထောင်စုအစိုးရနဲ့ရော အကုန်ညှိနှိုင်းပြီးမှ ဆောင်ရွက်ခွင့်ပြုမှာ။ ဒီကိစ္စက မြန်တော့မမြန်ဘူး” ဟု ၎င်းက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် Myanmar Chemical & Machinery Co.,Ltd (MCM Co.,Ltd) မှ ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၉ ရက်က ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်နှင့် လာရောက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Myanmar Chemical & Machinery Co.,Ltd မှ ကိုယ်စားလှယ်များက ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆောင်ရွက်လိုသည့် 8 MMTA Refinery စီမံကိန်းအတွက် မြေနှင့် ရေရရှိမှုအခြေအနေများနှင့် Refinery Project အတွက် Feasibility Study ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များ ပံ့ပိုးပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read