၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်ရှိပြီး ကမ္ဘာ့ရေနံစျေးကျဆင်းမှုကြောင့် ယခင်နှစ်ထက် တန်ချိန်ခုနစ်သိန်းကျော် ပိုမိုတင်သွင်းထားသော်လည်း တင်သွင်းမှုတန်ဖိုး ဒေါ်လာသန်း ၅၀၀ ခန့်လျော့ကျ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်ရှိပြီး ကမ္ဘာ့ရေနံစျေးကျဆင်းမှုကြောင့် ယခင်နှစ်ထက် တန်ချိန်ခုနစ်သိန်းကျော် ပိုမိုတင်သွင်းထားသော်လည်း တင်သွင်းမှုတန်ဖိုး ဒေါ်လာသန်း ၅၀၀ ခန့်လျော့ကျ
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူအောင်)
Published 13 October 2020
ဇေယျာငြိမ်း

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်ရှိပြီး ကမ္ဘာ့ရေနံစျေး ကျဆင်းမှုကြောင့် ယခင်နှစ်ထက်တန်ချိန် ခုနစ်သိန်းကျော် ပိုမိုတင်သွင်းထားသော်လည်း တင်သွင်းမှုတန်ဖိုး ဒေါ်လာသန်း ၅၀၀ ခန့် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စက်သုံးဆီ တန်ချိန် ခြောက်သန်းကျော်တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၂ ဒသမ ၆၆၆ ဘီလျံအထိ ရှိသည်။

ယခင်နှစ်ကာလတူတွင် စက်သုံးဆီ တန်ချိန် ၅ ဒသမ ၃ သန်းကျော်တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၃ ဒသမ ၁၆၅ ဘီလျံအထိ ရှိခဲ့သည်။

“ စက်သုံးဆီက ဒီဇယ်ရော၊ ဓာတ်ဆီရော တင်သွင်းမှုက ယခင်နှစ်ထက်ပိုတယ်။ ဒါပေမဲ့ စျေးနှုန်းကျတဲ့အတွက် တန်ဖိုးမှာကျတော့ ယခင်နှစ်ထက် လျော့ကျခဲ့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက် စက်သုံးဆီတန်ချိန် ၇၃၈၀၀၀ ကျော် ပိုမိုတင်သွင်းထားခဲ့သည်။ သို့သော် အဆိုပါကာလအတွင်း စက်သုံးဆီစျေးနှုန်းများကျဆင်းသဖြင့် ယခင်နှစ်ထက်တန်ဖိုးအားဖြင့် ဒေါ်လာ ၄၉၈ ဒသမ ၆၇၈ သန်းအထိ သက်သာခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒီဇယ်တန်ချိန် ၃ ဒသမ ၈၆၂ သန်းတင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၁ ဒသမ ၆၃၇ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ငါးသိန်းခွဲကျော် ပိုမိုတင်သွင်းခဲ့သော်လည်း တန်ဖိုးဒေါ်လာ ၂၈၆ ဒသမ ၇၃၇ သန်း လျော့ကျခဲ့သည်။

ဓာတ်ဆီတန်ချိန် ၂ ဒသမ ၂၂၀ သန်း တင်သွင်းမှုသည် တန်ဖိုးဒေါ်လာတစ်ဘီလျံကျော်ရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၁၈၃၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့သော်လည်း တန်ဖိုးဒေါ်လာသန်း ၂၁၀ ကျော် လျော့ကျခဲ့သည်။

အောက်တိုဘာ ၁၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်လက်လီ တစ်လီတာ ကျပ် ၅၁၅ မှ ၅၅၅ ကြား၊ လက်ကား တစ်လီတာ ကျပ် ၄၂၅ မှ ၄၃၅ ကြားနှင့် Premium ဒီဇယ် လက်လီတစ်လီတာ ကျပ် ၅၂၅  မှ ၅၇၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၄၄၀ မှ ၄၄၅ ကြားရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ထို့အတူ ဓာတ်ဆီ (RON 92) လက်လီ တစ်လီတာ ကျပ် ၄၆၅ မှ ၅၀၅ ကြား၊ လက်ကားတစ်လီတာ ကျပ် ၄၃၅မှ ၄၄၀ ကြားနှင့် ဓာတ်ဆီ (RON 95) လက်လီ တစ်လီတာ ကျပ် ၅၉၅ မှ ၆၂၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၄၈၀ မှ ၄၉၀ ကြားရှိသည်။

အောက်တိုဘာ ၅ ရက် Global Petrol Prices Website တွင် ဖော်ပြထားသည့်စျေးနှုန်းများအရ  မြန်မာနိုင်ငံသည် ယခုတစ်ပတ်အတွင်း ဓာတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများသည် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက် Global Petrol Prices Website တွင် ဖော်ပြထားသည့် ကမ္ဘာ့စက်သုံးဆီစျေးနှုန်းမှာ ဓာတ်ဆီတစ်လီတာတွင် ဒေါ်လာ ၁ နှင့် ဒီဇယ်ဆီတစ်လီတာတွင် ဒေါ်လာ သုည ဒသမ ၈၉ ရှိပြီး စက်သုံးဆီစျေးနှုန်း နိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံအနေဖြင့် ဓာတ်ဆီစျေးနှုန်း တစ်လီတာ သုည ဒသမ ၅၃ ဒေါ်လာနှုန်းဖြင့် နိုင်ငံ ၂၀ မြောက်တွင်ရှိပြီး ဒီဇယ်ဆီစျေးနှုန်း တစ်လီတာ သုည ဒသမ ၄၆ ဒေါ်လာနှုန်းဖြင့် ၁၇ နိုင်ငံမြောက်တွင် ရှိနေကြောင်း သိရသည်။

Most Read

Most Recent