၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၉ ဘီလျံခန့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိအစိုးရသက်တမ်း လေးနှစ်ခြောက်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၁၄၉ ဘီလျံကျော်ရှိ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၉ ဘီလျံခန့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိအစိုးရသက်တမ်း လေးနှစ်ခြောက်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၁၄၉ ဘီလျံကျော်ရှိ
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 13 October 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၉ ဘီလျံခန့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိအစိုးရသက်တမ်း လေးနှစ်ခြောက်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၁၄၉ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၅၇၅ ခုကို လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၀၁၄၉၈၅၅ ဒသမ ၉၀၄ သန်း (ကျပ် ၁၀၁၄၉ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုရေးကဏ္ဍတွင် ကျပ် ၃၀၄၈ ဒသမ ၈၄၉ ဘီလျံ (လုပ်ငန်း ၃၈ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၆၆၂ ဒသမ ၉၉၂ ဘီလျံ (လုပ်ငန်း ၂၀၈ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဒသမ ၆၄၅ ဘီလျံ (လုပ်ငန်း ၁၅ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၀၄၇ ဒသမ ၁၈၆ ဘီလျံ (လုပ်ငန်း ၁၀၈ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဒသမ ၆၆၈ ဘီလျံ (လုပ်ငန်း ၁၆ ခု) တို့ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၃၂၄ ဒသမ ၅၂၃ ဘီလျံ (လုပ်ငန်း ၃ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၁၂ ဒသမ ၈၈၂ ဘီလျံ (လုပ်ငန်း ၂၆ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဒသမ ၁၃၀ ဘီလျံ (လုပ်ငန်းအရေအတွက် မဖော်ပြထား)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၇၅ ဒသမ ၃၅၁ ဘီလျံ (လုပ်ငန်း ကိုးခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၁ ဒသမ၂၇၆ ဘီလျံ (လုပ်ငန်း ၁၃ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံ (လုပ်ငန်း နှစ်ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၁၈၁၆ ဒသမ  ၆၂၅ဘီလျံ (လုပ်ငန်း ၁၃၇ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်) အထိ  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရတက်ရောက်ပြီး သက်တမ်းလေးနှစ်ခြောက်လအတွင်း (လပေါင်း ၅၄ ကာလအတွင်း) ကျပ် ၁၀၁၄၉ ဘီလျံဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိကများပြားလာခဲ့ရာ ယခင်ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို  ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ကျော်ဖြတ်၍ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ရင်းနှီးမြှုပ်နှံထားသော ကျပ် ၁၀၁၄၉ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ၃၀ ဒသမ ၀၄ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွွင် ၁၇ ဒသမ ၉၀ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၆ ဒသမ ၃၈ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ၁၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ၁၀ ဒသမ ၃၂ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၃ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၂ ဒသမ ၂၅ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၀ ဒသမ ၇၄ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၀ ဒသမ ၄၁ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၀ ဒသမ ၁၄ ရာခိုင်နှုန်းတို့ဖြစ်သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာ ပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။  

ပြည့်စုံသောအဆိုပြုလွှာများကို အဆိုပြုလွှာစိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာတင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့်ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့သဘောထား၊ သက်ဆိုင်ရာဝန်ကြီးဌာနသဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါကမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။