အာဆီယံနိုင်ငံများတွင် စီးပွားရေးတိုးတက်မှုနှုန်း သုညအောက်မကျသည့် သုံးနိုင်ငံထဲ၌ မြန်မာနိုင်ငံရှိနေသေးပြီး အနာဂတ်စီးပွားရေးအခြေအနေကို စဉ်းစားကာ အစိုးရိမ်မလွန်စေချင်ဘဲ ကျန်းမာအောင်နေကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ပြောကြား

အာဆီယံနိုင်ငံများတွင် စီးပွားရေးတိုးတက်မှုနှုန်း သုညအောက်မကျသည့် သုံးနိုင်ငံထဲ၌ မြန်မာနိုင်ငံရှိနေသေးပြီး အနာဂတ်စီးပွားရေးအခြေအနေကို စဉ်းစားကာ အစိုးရိမ်မလွန်စေချင်ဘဲ ကျန်းမာအောင်နေကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ပြောကြား
Photo: Myanmar State Counsellor Office
Photo: Myanmar State Counsellor Office
Published 28 September 2020
နေမျိုးဝင်း

အာဆီယံနိုင်ငံများထဲတွင် စီးပွားရေးတိုးတက်မှုနှုန်း သုညအောက်မကျသည့်  နိုင်ငံသုံးနိုင်ငံထဲတွင် မြန်မာနိုင်ငံရှိနေသေးပြီး အနာဂတ်စီးပွားရေးအခြေအနေကို စဉ်းစားကာ အစိုးရိမ်မလွန်စေချင်ဘဲ ကျန်းမာအောင်နေကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် စက်တင်ဘာ ၂၈ ရက် ညပိုင်းက ပြောကြားသည့် မိန့်ခွန်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မကနေပြီးတော့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်လို့ ကြုံရင်ကြုံသလို ပြည်သူတွေကို တင်ပြတာ ဖြစ်ပါတယ်။ အစိုးရိမ်မလွန်စေချင်လို့ပါ။ ကျွန်မတို့နိုင်ငံမှာဆိုရင် အခု ကျွန်မကြည့်လိုက်တဲ့ အခါကျတော့ တိုးတက်မှုနှုန်းတွေပေါ့နော် ။ တစ်ကမ္ဘာလုံးမှာဆိုရင် တိုးတက်မှုနှုန်းတွေက ကျနေပါတယ် ။ ကျနေပေမယ့် တချို့နိုင်ငံ တော်တော်များများမှာဆိုရင် ကျတာ ဘယ်လောက်ကျသလဲ ဆိုတော့ အနုတ်လက္ခဏာ ပြနေတာ ၊ သုညအောက် ကျသွားတယ်။ ကျွန်မတို့ဟာ အခုထိတော့ သုညအောက် မကျသေးပါဘူး။ သုညအောက်မကျတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါတယ်လို့ ပြောရမှာပေါ့။ ကျွန်မတို့ အာဆီယံမှာဆိုရင် သုညအောက်မကျတဲ့ နိုင်ငံ သုံးနိုင်ငံထဲမှာ ကျွန်မတို့ နိုင်ငံ အခုထိတော့ ရှိပါသေးတယ် ။ ဆက်ရှိမယ်လို့တော့ ကျွန်မတို့ အာမ မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီဒုတိယလှိုင်းနဲ့လည်း ကျွန်မတို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့ ဆက်ပြီးတော့လည်း ထိန်းထားပါ့မယ် ။ ထိန်းထားရုံတင်မက ပိုပြီးတော့ တိုးတက်အောင်လည်း လုပ်ပါ့မယ်။ အဲဒါကိုလည်း ပြည်သူတွေအနေနဲ့ နောင်ပေါ့နော် ။ အနာဂတ်စီးပွားရေး အခြေအနေကို စဉ်းစားပြီးတော့ အစိုးရိမ် မလွန်စေချင်ပါဘူး။ အခုချိန်မှာ ကျန်းမာအောင်နေပါ’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားသည်။

ထို့အတူ နောင်လာမည့်  စီးပွားရေး အခက်အခဲများအတွက် နိုင်ငံတော်အနေဖြင့် ပြင်ဆင်ထားရှိကြောင်း ၊ ထိုင်ကြည့်နေမည် မဟုတ်ကြောင်း ၊ အခြေအနေပြောင်းလဲသည်နှင့်အမျှ မည်ကဲ့သို့ ပြောင်လဲသင့်သည် ဆိုခြင်းအား ကြည့်၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ COVID ရောဂါ မကူးစက်စေရန် မိမိကိုယ်ကိုယ် ဂရုစိုက်စေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားသည်။

“နောင်လာမယ့် စီးပွားရေး အခက်အခဲတွေအတွက် ကျွန်မတို့ နိုင်ငံတော်ကနေပြီးတော့ ပြင်ဆင်ထားတာ ရှိပါတယ် ။ ပြင်ဆင်ထားပြီးသားပါ။ ဆက်ပြီးတော့လည်း လုပ်သွားမှာပါ။ အရင်တုန်းက ပြင်ဆင်ထားပြီးပြီဆိုတော့ ထိုင်ပြီးကြည့်နေမှာ မဟုတ်ပါဘူး။ အခြေအနေ ပြောင်းလဲတာနဲ့အမျှ ကျွန်မတို့ ဘယ်လိုပြောင်းလဲသင့်တယ် ဘယ်လိုခြေလှမ်းတွေ လှမ်းနိုင်မယ်ဆိုတာကို ကြည့်ပြီးတော့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြာသည်။

ပြည်သူများ၏ အဓိကတာဝန်မှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရန်၊ COVID-19 ပိုးဝင်ပြီဆိုပါက ကျော်လွှားနိုင်ရန် စိတ်ဓာတ်အင်အားဖြင့် နိုင်ငံတော်က ပေးသည့် ကျန်းမာရေးစောင့်ရှောက်မှု အင်အားဖြင့် ကျော်လွှားရန်၊ COVID-19 ပိုး မဝင်သေးပါကလည်း ပိုးမဝင်ရန်နှင့် မကူးစက်ရန်၊ အခြားသူများ မကူးစက်ရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြိုးစားရန်လိုသည်ကို မေတ္တာရပ်ခံကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 

Most Read

Most Recent