ကိုဗစ်ချေးငွေရရှိသူများစာရင်းတွင် ရခိုင်ပြည်နယ်မှ ဆန်စက်လုပ်ငန်းများ၊ ကြက်မွေးမြူရေးလုပ်ငန်း၊ နေလှန်းဆားကြမ်းထုတ်လုပ်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်း ၂၃ ခု ပါဝင်

ကိုဗစ်ချေးငွေရရှိသူများစာရင်းတွင် ရခိုင်ပြည်နယ်မှ ဆန်စက်လုပ်ငန်းများ၊ ကြက်မွေးမြူရေးလုပ်ငန်း၊ နေလှန်းဆားကြမ်းထုတ်လုပ်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်း ၂၃ ခု ပါဝင်
Published 26 September 2020

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီ၏ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၉/၂၀၂၀ အရ ကိုဗစ်ချေးငွေခွင့်ပြုချက် ရရှိသူများစာရင်းတွင် ရခိုင်ပြည်နယ်မှ ဆန်စက်လုပ်ငန်းများ၊ ကြက်မွေးမြူရေးလုပ်ငန်း၊ နေလှန်းဆားကြမ်း ထုတ်လုပ်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်း ၂၃ ခု ပါဝင်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ကိုဗစ်ချေးငွေခွင့်ပြုချက် ရရှိသူများစာရင်းတွင် တောင်ကုတ်မြို့မှ ငွေပဒေသာဆန်စက်၊ ရိုးမသဇင်ဆန်စက်၊ ဒေါ်ဆွေဇင်သက် (ကြက်မွေးမြူရေး)၊ ပေါက်တောမြို့နယ်အတွင်း ဦးမောင်သန်းဝင်း (နေလှန်းဆားကြမ်း ထုတ်လုပ်ရေးလုပ်ငန်း)၊ စစ်တွေမြို့မှ ရွှေငါး (ငရုတ်သီးမှုန့်လုပ်ငန်း)၊ အမ်းမြို့မှ သုခစံမုန့်မျိုးစုံလုပ်ငန်း၊ မြောက်ဦးမြို့နယ်မှ နေနတ်သားဆန်စက်လုပ်ငန်း၊ ကျောက်တော်မြို့မှ ကစ္ဆပ သောက်ရေသန့်နှင့် ဆန်စက်၊ ဦးမောင်လှရွှေ ဆန်စက်၊ ရသေ့တောင်မြို့နယ်မှ ဦးကျော်ရီ ဆန်စက်လုပ်ငန်း၊ ကျောက်တော်မြို့မှ BUM မုန့်တိုက်၊ ကျောက်ဖြူမြို့မှ ခင်လှဝင်း ဆားကြိတ်စက်၊ ကျောက်တော်မြို့မှ စိုးရတနာ ဆီစက်၊ ဦးဇော်ဇော် (ငြိမ်းမိသားစု)၊ စစ်တွေမြို့မှ ZAW အဆင့်မြင့်သောက်ရေသန့်လုပ်ငန်း၊ ကျောက်တော်မြို့မှ အကယ်ဒမီ ရေခဲစက်၊ မင်းပြားမြို့မှ သဟဇာတဆန်စက်၊ စစ်တွေမြို့မှ ရခိုင်ဆန်စပါးကုမ္ပဏီ၊ ကျောက်တော်မြို့မှ Water Star ရေသန့်၊  ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုကျော်သိန်းဟာလာ ဆန်စက်၊ မြောက်ဦးမြို့မှ ဒေါ်လှတင်ရွှေ ဆန်စက်လုပ်ငန်း၊ စစ်တွေမြို့မှ ဝေသာလီ ဥစားကြက်မွေးမြူရေး၊ DUAL TECH သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း (စစ်တွေ) မြို့တို့ ပါဝင်ကြောင်း သိရသည်။

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

ဒုတိယအကြိမ် COVID-19 Fund မှ ပထမအသုတ်ချေးငွေရရှိသည့်ကုမ္ပဏီလုပ်ငန်းများတွင် ဆန်စက်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်များ၊ Daewoo Bus Myanmar Company Limited၊ ပလတ်စတစ်ဘူးခွံ လုပ်ငန်းများ မြေပဲခွဲစက်လုပ်ငန်းများ အစရှိသည်တို့ ပါဝင်သည်။

ဒုတိယအကြိမ်ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ  ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးရေးဆောင်ရွက်ပေးသွားရန်နှင့် ချေးငွေထုတ်ပေးမှုများ မြန်ဆန်စေရေး မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့်လည်း ထုတ်ပေးမည်ဖြစ်သည်။

Most Read

Most Recent