လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် ပြည်ပမှ သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၅၀ ကျော် ပိုမိုဖြစ်ပေါ်

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် ပြည်ပမှ သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၅၀ ကျော် ပိုမိုဖြစ်ပေါ်
ရန်ကုန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 19 September 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် ပြည်ပမှ သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၅၀ ကျော် ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံမှ တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏက ပို၍များနေခြင်းဆိုလိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ၁၁ လကျော်တွင် ပြည်ပမှ သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၁၇ ဒသမ ၉၃၀ ဘီလျံအထိ ရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏမှာ ဒေါ်လာ ၁၆ ဒသမ ၄၂၃ ဘီလျံသာ ရှိသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုကို နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်တင်သွင်းမှုက ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁ ဒသမ ၅၀၆ ဘီလျံ ပို၍များနေကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၅၀၆ ဘီလျံဖြစ်ပေါ်ခဲ့သည်။

ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၁ ဒသမ ၀၅၀ ဘီလျံသာ ဖြစ်ပေါ်ခဲ့သည့်အတွက် လက်ရှိဘဏ္ဍာနှစ် ၁၁ ကျော်တွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေသည် ယခင်နှစ်ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေထက် ဒေါ်လာ ၄၅၆ ဒသမ ၇၃၅ သန်း ပို၍ဖြစ်ခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၀၀ နီးပါးသာ ပိုမိုတင်ပို့ထားနိုင်သော်လည်း သွင်းကုန်တင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁၄၉ ဘီလျံအထိ ပိုမိုတင်သွင်းထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှ မဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်း လျှော့ချ၍ မရနိုင်သေးကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုလိုငွေ လျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

“ တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှု အားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ- မွေးမြူရေးက တက်လာတယ်။ ကြက်စာ အရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းကတန်ချိန် နှစ်သောင်းလောက်ပဲ တစ်နှစ်ကိုပေါ့၊ အခုဆိုတန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလဲဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ ဒါတွေက လျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာရှိတယ်။ စားအုန်းဆီကလည်း လျော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၅၀၀ အထိ လျော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent