လက်ရှိအစိုးရလက်ထက် ၅၇ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရောင်းချမှုမှ ဝင်ငွေ ဒေါ်လာ ၂၄၉၆ သန်းကျော်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း၌ ဒေါ်လာ ၉၇၁ သန်းကျော်အထိ အများဆုံးတင်ပို့

လက်ရှိအစိုးရလက်ထက် ၅၇ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရောင်းချမှုမှ ဝင်ငွေ ဒေါ်လာ ၂၄၉၆ သန်းကျော်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း၌ ဒေါ်လာ ၉၇၁ သန်းကျော်အထိ အများဆုံးတင်ပို့
မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ကျောက်စိမ်းအရိုင်းနှင့် ကျောက်မျက်ရတနာ အရောင်းပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- လဲ့လဲ့အောင်)
မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ကျောက်စိမ်းအရိုင်းနှင့် ကျောက်မျက်ရတနာ အရောင်းပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- လဲ့လဲ့အောင်)
Published 19 September 2020
နီလာ

လက်ရှိအစိုးရလက်ထက် ၅၇ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရောင်းချမှုမှ ဝင်ငွေ ဒေါ်လာ ၂၄၉၆ သန်းကျော်ရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၁၂ လအတွင်း၌ ဝင်ငွေဒေါ်လာ ၉၇၁ သန်းကျော်အထိ အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ လက်ရှိ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကိုးလကျော်အထိ မြန်မာနိုင်ငံ၏ ပြည်ပသို့ ကျောက်စိမ်း တင်ပို့ရောင်းချမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ဒေါ်လာ ၄၀၀ ဒသမ ၃၉ သန်း ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ဝင်ငွေဒေါ်လာ ၃၄၇ ဒသမ ၀၆ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၉၇၁ ဒသမ ၇၈ သန်းအထိ ရရှိခဲ့ပြီး ယင်းဘဏ္ဍာနှစ်၌ အများဆုံးတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၅၆ ဒသမ ၈၇ သန်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇွန်လအထိ ကိုးလတွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၂၀ ဒသမ ၀၄ သန်း ရရှိထားကြောင်း  ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၄၁၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၆၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ ၁၀ လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၉၆၄ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၂၀ ဒသမ ၀၃၆ သန်း ရရှိထားသည်။

“ ယခင်နှစ်ကာလတူနဲ့ယှဉ်ရင် ဒီနှစ်မှာက ကျောက်စိမ်းတင်ပို့မှုက တန်ချိန် ၄၁၆ တန်ပိုတယ်။ တန်ဖိုးက ဒေါ်လာ ၆၃ သန်း ပိုရရှိထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်စိမ်းကို ပြပွဲပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲ ပြုလုပ်မှုများသည့် ကာလများတွင် ပြည်ပသို့ ကျောက်စိမ်းပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုနည်းသည့်ကာလများတွင် ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်လုပ်ကွက်အပါအဝင် ဓာတ်သတ္တုထုတ်လုပ်ရန် ၁၁၉၆ ကွက်အထိ ခွင့်ပြုမိန့်ထုတ်ပေးထားပြီး အသေးစားလုပ်ကွက် ၇၄၀ ကျော်အထိ ပါဝင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်နှင့် စမ်းသပ်ဖြစ်မြောက်လုပ်ကွက်များ ထုတ်ပေးထားမှုကို လေ့လာကြည့်ပါက ကချင်ပြည်နယ်တွင် စုစုပေါင်း ၁၁၀ ကွက်၊ ကယားပြည်နယ်တွင် စုစုပေါင်း ၁၈ ကွက်၊ ကရင်ပြည်နယ်တွင် စုစုပေါင်း ၄၆ ကွက်၊ ချင်းပြည်နယ်တွင် စုစုပေါင်းလေးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်း ၂၁၈ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် စုစုပေါင်း ၈၆ ကွက်၊ နေပြည်တော်တွင် သုံးကွက်၊ ပဲခူးတိုင်းဒေသကြီးတွင် စုစုပေါင်း ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်းလုပ်ကွက် ၅၀ ၊မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်းလုပ်ကွက် ၃၁၇ ကွက်၊ မွန်ပြည်နယ်တွင် စုစုပေါင်း ၁၉ ကွက်၊ ရခိုင်ပြည်နယ်တွင် စုစုပေါင်းတစ်ကွက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် လုပ်ကွက် ၁၄၁ ကွက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် စုစုပေါင်းလုပ်ကွက် ၉၃ ကွက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် လုပ်ကွက် ၈၀ နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စုစုပေါင်းလုပ်ကွက် သုံးကွက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုစုပေါင်း ၁၁၉၆ ကွက်ကို ခွင့်ပြုမိန့် ထုတ်ပေးထားခြင်းဖြစ်သည်။

Most Read

Most Recent