ဆေးဝါးများ၊ စားသုံးကုန်များနှင့် COVID-19 ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ကို အမိန့်ထုတ်ပြန်တားမြစ်ထားပြီး ဖြစ်သဖြင့် ယင်းအချက်များလိုက်နာကြရန် လုပ်ငန်းရှင်များကို အသိပေး

ဆေးဝါးများ၊ စားသုံးကုန်များနှင့် COVID-19 ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ကို အမိန့်ထုတ်ပြန်တားမြစ်ထားပြီး ဖြစ်သဖြင့် ယင်းအချက်များလိုက်နာကြရန် လုပ်ငန်းရှင်များကို အသိပေး
ရန်ကုန်မြို့အတွင်း Mask တပ်ဆင်သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
ရန်ကုန်မြို့အတွင်း Mask တပ်ဆင်သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 22 August 2020

ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများနှင့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ကို အမိန့်ထုတ်ပြန်တားမြစ်ထားပြီးဖြစ်သဖြင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းမပြုလုပ်ရန် အဆိုပါ အရေးကြီးကုန်စည်များ တင်သွင်းဖြန့်ဖြူး ရောင်းချနေသည့်ကုမ္ပဏီ၊ လုပ်ငန်းရှင်များသို့ ကုန်သည်စက်မှုအသင်းချုပ်က အသိပေးချက် ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၀ ရက်တွင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါအခြေအနေတွင် ရန်ကုန်မြို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပြည်သူများအနေဖြင့် COVID-19 ရောဂါကာကွယ်ရေးကို ပိုမိုအလေးထားလာခဲ့ပြီး စျေးကွက်အတွင်း နှာခေါင်းစည်း (Mask) များ ဝယ်လိုအား မြင့်တက်လာခဲ့သည့်အပေါ် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိနေရသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး စျေးကွက်အတွင်း စျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများကို တားမြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀၊ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀ မတ် ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၀ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အပိုဒ် ၁ ပါ ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူခြင်း သို့မဟုတ် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို ယခုအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ တားမြစ်ထားသည်။

အပိုဒ် ၁ ပါ သတ်မှတ်ထားသည့် ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခြင်း ခံရမည်ဖြစ်သည်။

သို့ဖြစ်ရာ အဆိုပါအရေးကြီးကုန်စည်များအား တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အများပြည်သူကျန်းမာရေးရှေးရှု၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် ကုန်သည်စက်မှုအသင်းချုပ်မှ မေတ္တာရပ်ခံထားသည်။

Most Read

Most Recent