ပြည်ပဝယ်လိုအား မြင့်တက်နေမှုကြောင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် လက်ရှိဘဏ္ဍာနှစ် လျာထားပမာဏတန်ချိန် ၂ ဒသမ ၄ သန်းထက် ပိုမိုတင်ပို့နိုင်မည်ဟု ပြောကြား

ပြည်ပဝယ်လိုအား မြင့်တက်နေမှုကြောင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် လက်ရှိဘဏ္ဍာနှစ် လျာထားပမာဏတန်ချိန် ၂ ဒသမ ၄ သန်းထက် ပိုမိုတင်ပို့နိုင်မည်ဟု ပြောကြား
ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 22 August 2020
ဇေယျာငြိမ်း

ပြည်ပဝယ်လိုအား မြင့်တက်နေမှုကြောင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် လက်ရှိဘဏ္ဍာနှစ် လျာထားပမာဏတန်ချိန် ၂  ဒသမ ၄ သန်းထက် ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

“ လက်ရှိအခြေအနေနဲ့ ရာသီဥတုလည်း ကောင်းမယ်၊ ထွက်ရှိမှုလည်း ကောင်းမယ်ဆိုရင်တော့ ဝယ်လိုအားတွေလည်း ကောင်းတဲ့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာ ဆန်တင်ပို့နိုင်မှုက လက်ရှိနှစ်ထက် ကောင်းမယ်လို့ မျှော်မှန်းလို့ရပါတယ်” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေ ပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ရာခိုင်နှုန်း ၃၀ အထိ မြင့်တက်ခဲ့သဖြင့် ဆန်နှင့် ဆန်ကွဲတန်ချိန် သုံးသန်းကျော်အထိ တင်ပို့နိုင်ခဲ့သည်။

လက်ရှိ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၄ သန်း တင်ပို့နိုင်ရန် လျာထားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၃ သန်းကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၇၀၀ နီးပါးရရှိထားပြီး ပင်လယ်ရေကြောင်းတင်ပို့မှုမှ ၈၅ ရာခိုင်နှုန်းအထိရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ၁၀ လတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် စုစုပေါင်း ၂ ဒသမ ၃၁၇ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၆၉၉ ဒသမ ၄၂၃ သန်း ရရှိထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ ဆန်တန်ချိန် ၁ ဒသမ ၄၅၆ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၆၈ ဒသမ ၅၄၄ သန်း ရရှိထားသည်။

ထို့အတူ နိုင်ငံပေါင်း ၆၀ သို့ ဆန်ကွဲတန်ချိန် ရှစ်သိန်းခြောက်သောင်းကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၃၀ ဒသမ ၈၇၉ သန်း ရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။

ပင်လယ်ရေကြောင်းမှ ဥရောပ၊ အာဖရိက၊ တရုတ်နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး နယ်စပ်လမ်းကြောင်းမှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းစသည့် နိုင်ငံများသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၉၆၄ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၉၈ ဒသမ ၀၂၉ သန်း ရရှိထားသည်။ စုစုပေါင်း တင်ပို့မှုပမာဏ၏ ၈၅ ရာခိုင်နှုန်း ရှိသည်။

နယ်စပ်မှ ဆန်နှင့် ဆန်ကွဲတန်ချိန် သုံးသိန်းခွဲကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၀၁ သန်းကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှုပမာဏ၏ ၁၅ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံမှ ဆန်များရောင်းချပေးရန် တချို့နိုင်ငံများက ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ၂၀၂၀ စက်တင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်သာ ကျန်ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်၌ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခွဲခန့်အထိ တင်ပို့နိုင်မည့်အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“ တစ်နှစ်ကို ဆန်တန်ချိန် နှစ်သန်းအထက် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာ ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့် အနေအထား ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

Most Read

Most Recent