၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်သစ် သုံးဘဏ် အရှုံးပေါ်ခဲ့သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍ တစ်ခုလုံး၌ ကျပ် ၂၆၉ ဒသမ ၁၅ ဘီလျံကျော် အမြတ်ရရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်သစ် သုံးဘဏ် အရှုံးပေါ်ခဲ့သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍ တစ်ခုလုံး၌ ကျပ် ၂၆၉ ဒသမ ၁၅ ဘီလျံကျော် အမြတ်ရရှိ
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 22 August 2020
စည်သူအောင်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်သစ် သုံးဘဏ် အရှုံးပေါ်ခဲ့သော်လည်း ဘဏ်လုပ်ငန်း ကဏ္ဍတစ်ခုလုံး၌ ကျပ် ၂၆၉ ဒသမ ၁၅ ဘီ လျံကျော် အမြတ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ချုပ် အစီရင်ခံစာအရ သိရသည်။

ဘဏ်တစ်ဘဏ်၏ အားကောင်းသော ဝင်ငွေနှင့် အမြတ်ရရှိနိုင်မှု အခြေအနေသည် ဘဏ်၏ လက်ရှိအခြေအနေနှင့် အနာဂတ် ဘဏ်လုပ်ငန်း တိုးတက်ကောင်းမွန်ရေးအတွက် အထောက်အကူပြုကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် လုပ်ငန်းတွင်း ဆုံးရှုံးနိုင်ခြေများ လျော့နည်းစေပြီး လုံလောက်သော မတည်ရင်းနှီးငွေ ထည့်ဝင်နိုင်ခြင်း၊ လုပ်ငန်းချဲ့ထွင်နိုင်ခြင်းနှင့် အစုရှယ်ယာရှင်များအား လုံလောက်သော အမြတ်ခွဲဝေမှုပေးနိုင်သည်။ ဝင်ငွေနှင့် အမြတ်ခွဲဝေမှုအား တိုင်းတာရာတွင် နည်းလမ်းများစွာ ရှိသော်လည်း အကောင်းဆုံးနှင့် အများဆုံး အသုံးပြုသည့် ရည်ညွှန်းကိန်းမှာ မတည်ငွေရင်းအပေါ်တွင် အမြတ်ပြန်လည် ရရှိနိုင်မှု အခြေအနေ (ROE) နှင့် စုစုပေါင်းရရန်ပိုင်ခွင့်တွင် အမြတ်ပြန်လည်ရရှိနိုင်မှု အခြေအနေ (ROA) တို့ဖြစ်သည်။

ဝင်ငွေနှင့်ပတ်သက်၍ တိုင်းတာရာ၌ မတည်ငွေရင်းအပေါ်တွင် အမြတ်ငွေ ပြန်လည်ရရှိနိုင်မှု အခြေအနေနှင့် စုစုပေါင်း ရရန်ပိုင်ခွင့်တွင် အမြတ်ပြန်လည်ရရှိနိုင်မှု အခြေအနေတို့မှာ ဘဏ်လုပ်ငန်း၌ ကွာခြားမှု ကြီးမားကြောင်း တွေ့ရှိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်သစ်သုံးဘဏ်တွင် အရှုံးဖြစ်ပေါ်ခဲ့သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၌ ကျပ် ၂၆၉၁၅၁ ဒသမ ၃၈ သန်း အမြတ်ဖြစ် ပေါ်ခဲ့သည်။

ထို့ပြင် ဘဏ်များအတွက် အနည်းဆုံး ငွေကြေးလွယ်ကူမှုအချိုးလိုအပ်ချက်မှာ ရာ ခိုင်နှုန်း ၂၀ ရှိရမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေကြေးလွယ်ကူမှုအချိုး ပြည့်မီကြောင်း နိုင်ငံတော် ဗဟိုဘဏ်၏  အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် တွင် ပုဂ္ဂလိကဘဏ်များသည် ဘဏ်စနစ် တစ်ခုလုံးရှိ စုစုပေါင်း ရရန်ပိုင်ခွင့်များ၏ ၅၉ ဒသမ ၇၄ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး နိုင်ငံပိုင် ဘဏ်များသည် ၂၉ ဒသမ ၆၈ ရာခိုင်နှုန်းနှင့် နိုင်ငံခြားဘဏ်ခွဲများသည် ၁၀ ဒသမ ၅၈ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း တွေ့ရှိရသည်။

ပုဂ္ဂလိကဘဏ်များ စုစုပေါင်းရပိုင်ခွင့်များတွင် ဘဏ်အလိုက် ပါဝင်သည့် ရာခိုင်နှုန်းများမှာ ကမ္ဘောဇဘဏ်က ၃၅ ဒသမ ၄၅ ရာ ခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁၇ ဒသမ ၇၈ ရာခိုင်နှုန်း၊ သမဝါယမဘဏ် (CB ဘဏ်) က ၁၆ ဒသမ ၀၃ ရာခိုင်နှုန်း၊ မြန်မာ့ရှေ့ဆောင် ဘဏ်က ၁၂ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရိုးမဘဏ် က ၈ ဒသမ ၀၄ ရာခိုင်နှုန်း၊ မြဝတီဘဏ်က ၅ ဒသမ ၉၀ ရာခိုင်နှုန်း၊ ယူနိုက်တက်အမရ ဘဏ်က ၃ ဒသမ ၃၇ ရာခိုင်နှုန်း၊ အာရှစိမ်း လန်းမှုဖွံ့ဖြိုးရေးဘဏ်က ၃ ဒသမ ၀၄ ရာခိုင် နှုန်း၊ ကမ္ဘာ့ရတနာဘဏ်က ၂ ဒသမ ၆၄ ရာ ခိုင်နှုန်း၊  မြန်မာအရှေ့တိုင်းဘဏ်က ၁ ဒသမ ၇၈ ရာခိုင်နှုန်း၊  မြန်မာနိုင်ငံသားများဘဏ်က ၁ ဒသမ ၄၉ ရာခိုင်နှုန်း၊ နေပြည်တော်စည်ပင် ဘဏ်က ၁ ဒသမ ၂၉ ရာခိုင်နှုန်း၊ အင်းဝဘဏ် က ၁ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၁၃ ရာခိုင်နှုန်း၊ ဧရာဝတီတောင်သူလယ်သမား များဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၈၉ ရာခိုင် နှုန်း၊ ပထမပုဂ္ဂလိကဘဏ်က သုည ဒသမ ၈၀ ရာခိုင်နှုန်း၊ ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က သုည ဒသမ ၇၆ ရာခိုင်နှုန်း၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၇၀ ရာခိုင်နှုန်း၊ ထွန်းကော်မာရှယ်ဘဏ်က သုည ဒသမ ၆၀ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တော်ဘဏ် က သုည ဒသမ ၂၆ ရာခိုင်နှုန်း၊ ကျေးလက် ဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၂၄ ရာခိုင်နှုန်း၊  မြန်မာအသေးစားငွေရေးကြေးရေးဘဏ်က သုည ဒသမ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ခရီးသွား ဘဏ်က သုည ဒသမ ၁၅ ရာခိုင်နှုန်း၊ ရတနာ ပုံဘဏ်က သုည ဒသမ ၁၂ ရာခိုင်နှုန်း၊ သတ္တု ဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၁၁ ရာခိုင်နှုန်း၊ Glory Farmer ဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၀၇ ရာခိုင်နှုန်း၊ အာရှရန်ကုန်ဘဏ်က သုည ဒသမ ၀၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲ ဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရ ငွေချေးသက်သေခံ လက်မှတ်များ ပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ဖြစ်သည်။ အပတ်စဉ် ပေးပို့ရမည့် အစီရင်ခံစာမှာ ငွေကြေးလွယ်ကူမှု အချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်း လုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့် အမျိုးအစား ခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက် ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံ အမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent