ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသုံးခုကို MIC က ထပ်မံခွင့်ပြုခဲ့ပြီး ဇူလိုင်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းအရ နိုင်ငံပေါင်း ၅၁ နိုင်ငံအနက် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံက ထိပ်ဆုံးမှ အစဉ်လိုက်ရပ်တည်လျက်ရှိ

ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသုံးခုကို MIC က ထပ်မံခွင့်ပြုခဲ့ပြီး ဇူလိုင်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းအရ နိုင်ငံပေါင်း ၅၁ နိုင်ငံအနက် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံက ထိပ်ဆုံးမှ အစဉ်လိုက်ရပ်တည်လျက်ရှိ
သြဂုတ် ၁၄ ရက်က ကျင်းပသည့် MIC အစည်းအဝေး (၁၁/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- MIFER)
သြဂုတ် ၁၄ ရက်က ကျင်းပသည့် MIC အစည်းအဝေး (၁၁/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- MIFER)
Published 15 August 2020
နီလာ

ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသုံးခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ထပ်မံခွင့်ပြုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံတွင်  လာရောက်ရင်းနှီးမြှုပ်နှံမှုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းအရ နိုင်ငံပေါင်း ၅၁ နိုင်ငံအနက် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ထိပ်ဆုံးမှ အစဉ်လိုက်ရပ်တည်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ (၁၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ ဆောင်ရွက်ဆဲလုပ်ငန်းသုံးခုမှ မ,တည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်သုံးခုကို ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၀ ဒသမ ၀၅၇ သန်းနှင့် ကျပ် ၁၅၈၀၅၉ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၅၀ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သောနိုင်ငံ/ ဒေသများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းတို့ ဖြစ်သည်။ နိုင်ငံ/ ဒေသပေါင်း ၅၁ ခုမှစီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၂၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသော စာရင်းများအရ စင်ကာပူက ဒေါ်လာ ၂၃၁၅၇ ဒသမ ၄၉၃ သန်း၊ တရုတ်က ဒေါ်လာ၂၁၃၅၀ ဒသမ ၆၆၈ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၁၃၈၂ ဒသမ ၅၆၈ သန်း၊ ဟောင်ကောင်က ဒေါ်လာ ၉၆၇၈ ဒသမ ၆၅၆ သန်း၊ UK က ဒေါ်လာ ၄၉၀၄ ဒသမ ၄၃၉ သန်း၊ ကိုရီးယားနိုင်ငံက ဒေါ်လာ ၄၀၅၇ ဒသမ ၇၇၈ သန်း၊ ဗီယက်နမ်နိုင်ငံက ဒေါ်လာ၂၂၁၆ ဒသမ ၂၀၃ သန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ ၁၉၆၇ ဒသမ ၄၈၉ သန်း၊ ဂျပန်နိုင်ငံက ဒေါ်လာ ၁၉၁၄ ဒသမ ၈၉၆ သန်း စသည်ဖြင့် နိုင်ငံအလိုက် အသီးသီးရင်းနှီးမြှုပ်နှံထားကြသည်။

မြန်မာ့စီးပွားရေး ဦးမော့လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားဝင်ရောက်လာရန် အရေးကြီးသဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဇွန် ၁၆ ရက်က ပြောကြားသည်။

“ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဦးမော့လာစေဖို့ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုအမြောက်အမြား ပိုမိုဝင်ရောက်စေဖို့ အရေးကြီးပါတယ်။ ဒီလိုဝင်ရောက်ဖို့လည်း တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိပါတယ်။ ဥပမာအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်တဲ့စက်မှုဇုန်တွေ တည်ထောင်ဖို့ အဆိုပြုလာတဲ့ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုပေးခဲ့ပါတယ်။ စင်ကာပူနိုင်ငံက လုပ်ငန်းဆောင်ရွက်ဖို့ ကမ်းလှမ်းလာတာလည်း ရှိပါတယ်။ ဒါတွေကိုလည်း MIC အနေနဲ့ စိစစ်ပြီးတော့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

အစိုးရသစ်သက်တမ်း လေးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုကဏ္ဍများ၌ အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

COVID-19 အလွန်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ်စီးဝင်လာမည်ဟု မျှော်လင့်ရကြောင်းနှင့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုလျာထားချက်ဖြစ်သည့် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာလအတွင်း ပြည့်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။