COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေလျှောက်လွှာ စတင်လက်ခံသည့်နေ့မှ သြဂုတ် ၉ ရက်အထိ ချေးငွေလျှောက်လွှာတင်သူ ၁၇၀၀ ကျော်ရှိ

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေလျှောက်လွှာ စတင်လက်ခံသည့်နေ့မှ သြဂုတ် ၉ ရက်အထိ ချေးငွေလျှောက်လွှာတင်သူ ၁၇၀၀ ကျော်ရှိ
COVID-19  ချေးငွေ လာရောက် လျှောက်ထားသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ချေးငွေ လာရောက် လျှောက်ထားသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 11 August 2020
နီလာ

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေး လုပ်ငန်းများအတွက် ချေးငွေလျှောက်လွှာ စတင် လက်ခံသည့်နေ့မှ သြဂုတ် ၉ ရက်အထိ ချေးငွေလျှောက်လွှာတင်သူ ၁၇၀၀ ကျော်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေး လုပ်ငန်းများအတွက် COVID-19 Fund သို့ ကျပ်ဘီလျံ ၁၀၀ ထပ်မံဖြည့်တင်းပြီး ချေးငွေထုတ်ချေးမည်ဖြစ်၍ ချေးငွေ လျှောက်လွှာများကို ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၀ ရက်အတွင်းသာ လျှောက်ထားရမည်ဖြစ်ရာ သြဂုတ် ၉ ရက် အထိ ကုန်သည်စက်မှုအသင်းချုပ်သို့ ကိုယ်တိုင်လာရောက် လျှောက်ထားသူ ၁၄၁၉ ဦး၊ အွန်လိုင်းမှ လျှောက်ထားသူ  ၃၀၂ ဦးဖြင့် စုစုပေါင်း ၁၇၂၁ ဦး လာရောက် လျှောက်ထားကြောင်း သိရသည်။

ချေးငွေများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ကုန်သည်စက်မှုအသင်းချုပ်၊ ရန်ကုန်မြို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရုံးများတွင် ရယူနိုင်ကြောင်းနှင့် အွန်လိုင်းမှ လျှောက်ထားလိုသူများ အနေဖြင့် https://umfccicovid19loan.mitcloud.com သို့ ဝင်ရောက်၍ လျှောက်ထားရခြင်း ဖြစ်သည်။

COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများအတွက် ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် ကျပ်ဘီလျံ ၁၀၀ ကို ပထမအရစ်ကျပ်  ၃၅ ဘီလျံ၊ ဒုတိယအရစ် ကျပ် ၃၅ ဘီလျံနှင့် တတိယအရစ် ကျပ်ဘီလျံ ၃၀ ကို အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုမည် ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောကြားသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၀) ကို ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့ရာ ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ  ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက် ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း များနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးရေး ဆောင်ရွက်ပေးသွားရန်နှင့် ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိက  ဘဏ်များမှ တစ်ဆင့်လည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ချေးငွေထုတ်ချေးမည့် လုပ်ငန်းများသည် COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသာ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်း ဖြစ်ရမည်။ လက်ရှိ လည်ပတ်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် ယခုကြေညာချက် ထုတ်ပြန်သည့်နေ့ မတိုင်မီ ယခင် ငါးလအတွင်းက ယာယီရပ်စဲထားသော်လည်း ချေးငွေရရှိပါက ချက်ချင်းပြန်လည် စတင်နိုင်သည့် လုပ်ငန်းဖြစ်ရမည်။ လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း နှစ်စဉ်ဝင် ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။ ချေးငွေ များ ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသော လုပ်ငန်းဖြစ်ရမည်။ ချေးငွေအား ဝန်ထမ်းနှင့်လုပ်သားများ  လစာပေးချေရန်နှင့် လက်ရှိလုပ်ငန်း လည်ပတ်ရန် ကိစ္စအတွက်သာ အသုံးပြုမည့် ကုမ္ပဏီဖြစ်ရမည်။ COVID-19 Fund မှ ထုတ်ပေးမည့် ချေးငွေကို ယခင်က ရယူထားပြီးဖြစ်သည့်လုပ်ငန်း မဖြစ်စေရ စသည့်အချက်များ ပါဝင်သည်။

 

Most Read

Most Recent