ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ခုနစ်ဦးအား ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုက အထွေထွေလျော်ကြေးငွေကျပ် သိန်းပေါင်း ၅၀၀၀၀ ရလိုမှုဖြင့် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားမမှုဖြင့် စွဲဆိုထားမှု လေးကြိမ်မြောက် ရုံးချိန်း၌ စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ရုံးတော်က ငြင်းချက်များ ထုတ်နုတ်ခဲ့ပြီး လာမည့်ရုံးချိန်း၌ အဆိုပါငြင်းချက်များအနက် သုံးချက်အတွက် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်ကြောင်း သိရသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီကို တည်ဆောက်မှုလုပ်ငန်း ရပ်ဆိုင်းစေခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းရပ်ဆိုင်းခြင်းခံရသည့် Super Local ကုမ္ပဏီက ယင်းလုပ်ငန်း ရပ်ဆိုင်းစေခဲ့မှုကြောင့် ကုမ္ပဏီ၏ ဆုံးရှုံးမှုများအပေါ် အထွေထွေ လျော်ကြေးငွေကျပ် သိန်း ၅၀၀၀၀ ရလိုမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအရာရှိ ခုနစ်ဦးအား တရားစွဲဆိုရန် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၌ ပြီးခဲ့သည့် မတ် ၁၂ ရက်က တရားမမှုအဆိုလွှာကို တင်ခဲ့ပြီး မတ် ၂၄ ရက်တွင် အဆိုလွှာအပေါ် တိုင်းဒေသကြီး တရားလွှတ်တော်က စိစစ်လက်ခံခဲ့ပြီးနောက် လေးကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဇွန် ၁၂ ရက်တွင် အမှုနှင့်ပတ်သက်၍ ရုံးတော်ကငြင်းချက် ခြောက်ချက်ကို ထုတ်နုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ယနေ ့၂၀၂၀ ပြည့်နှစ် ဇွန် ၁၂ ရက် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားမကြီးအမှုအမှတ် (၁/၂၀၂၀) Super Local Engineering ကုမ္ပဏီ ၎င်း၏ကိုယ်စား မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက တရားလိုပြုလုပ်၍ ပြည်ထောင်စုဝန်ကြီး (ကျန်းမာရေးနဲ ့အားကစားဝန်ကြီးဌာန)၊ ဝန်ကြီးချုပ် (တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့) ပါ ခုနစ်ဦးအပေါ် ငွေကျပ်သိန်း ၅၀၀၀၀ ရလိုကြောင်း စွဲဆိုမှုမှာ တရားရုံးက ရုံးငြင်းချက်များ ထုတ်နုတ်ခဲ့ပါတယ်။ ယနေ့ ရုံးချိန်းဟာ လေးကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်။ ရုံးငြင်းချက်များ ထုတ်နှုတ်တဲ့အဆင့်သာ ရှိသေးလို ့မည်သူ့ကိုမျှ မစစ်ဆေးသေးပါဘူး။ နောက်ထပ် ရုံးချိန်းကို ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်ကို ချိန်းဆိုထားပါတယ်။ အဲဒီရုံးချိန်းမှာ ထုတ်နှုတ်ထားတဲ့ ငြင်းချက်အမှတ် ၃၊ ၄၊ ၅ တို့မှာ ဥပဒေငြင်းချက်များဖြစ်၍ ၎င်းတို့ကို ပဏာမငြင်းချက်အဖြစ် သတ်မှတ်ပြီး ဦးစွာ နှစ်ဖက်လျှောက်လဲကြားနာရန် ချိန်းဆိုထားခြင်း ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ထားဝယ်အခြေစိုက် မီဒီယာများကို ဖြေကြားသည်။
ယင်းသို့ ရုံးတော်မှ ထုတ်နုတ်ထားသည့် ငြင်းချက် ခြောက်ချက်အနက် ဥပဒေငြင်းချက် သုံးချက်အတွက် နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးပါက ယင်းအချက် သုံးချက်နှင့်ပတ်သက်၍ အမိန့်တစ်ရပ် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥပဒေငြင်းချက်ဆိုသည်မှာ တရားလိုဘက်က လျှောက်ထားစွဲဆိုသည့် အချက်များနှင့် တရားပြိုင်ဘက်က ပြန်လည်ချေပသည့် အချက်များအပေါ်တွင် အကြောင်းအခြင်းအရာအရ မဟုတ်ဘဲ ဥပဒေကြောင်းအရ ဖြေရှင်းရမည့် အငြင်းပွားထွက်ပေါ်လာသည့် အကြောင်းအချက်များ ဖြစ်ကြောင်း၊ အမှုသည်များအနေဖြင့်ယင်းအတွက် သက်သေထူရန် မလိုအပ်ဘဲ ဥပဒေကြောင်းအရ ကနဦး အဆုံးအဖြတ်ပေးနိုင်သည့် အချက်များဖြစ်ကြောင်း ဦးဇော်မင်းနိုင်က ပြောကြားသည်။
Super Local ကုမ္ပဏီက တရားမမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် တရားပြိုင်များမှာ ပြည်ထောင်စုဝန်ကြီး (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)၊ဝန်ကြီးချုပ် (တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ ့)၊ ဝန်ကြီး (လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့)၊ အတွင်းရေးမှူး (တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်)၊ ဦးစီးမှူး(တိုင်းဒေသကြီးကုသရေးဌာန၊ ထားဝယ်မြို့)နှင့် မြို့နယ် ကုသရေးဦးစီးဌာန (ကုသရေးဦးစီးဌာန၊ပြည်သူ့ဆေးရုံ၊ သရက်ချောင်းမြို့)တို ့ဖြစ်သည်။















