လူမှုမီဒီယာများနှင့် ဆင်ဆာဖြတ်ခြင်း

လူမှုမီဒီယာများနှင့် ဆင်ဆာဖြတ်ခြင်း
Published 30 May 2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် Facebook နှင့် Twitter အပါအဝင် လူမှုမီဒီယာကုမ္ပဏီများကို ပစ်မှတ်ထားသည့် အမိန့်ကြော်ငြာစာတစ်ရပ်ကို မေ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လွတ်လပ်သော အဖွဲ့အစည်းများ၊ တရားရေးဌာနနှင့် ပြည်နယ်များကို သူ၏ ယခုမူဝါဒသစ်အတိုင်း ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။ ထရန့်၏ အမိန့်ကြော်ငြာစာတွင် ဆက်သွယ်ရေးကျင့်ဝတ်ဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၂၃၀ အောက်၌ နည်းပညာကုမ္ပဏီများကို ပေးအပ်ထားသည့် စောင့်ရှောက်မှုအတိုင်းအတာများကို ကန့်သတ်ရန် စည်းမျဉ်းစည်းကမ်းသစ်များ ရေးဆွဲရေးအတွက် ဖက်ဒရယ်ဆက်သွယ်ရေး ကော်မရှင်နှင့်အတူ ပန်ကြားလွှာတစ်စောင် တင်သွင်းရန် ကုန်သွယ်ရေးဌာနသို့ ညွှန်ကြားခြင်း ပါဝင်သည်။ ထရန့်၏ အမိန့်ကြော်ငြာစာ၌ တရားမျှတမှု မရှိသော (သို့မဟုတ်) လိမ်လည်လှည့်ဖြားသော လုပ်ရပ်များနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မတ်သည့် ဖက်ဒရယ် ကုန်သွယ်ရေးကော်မရှင်ထံသို့ လူသိရှင်ကြားဖော်ပြထားသည့် ၎င်းတို့၏ မူဝါဒများနှင့် မကိုက်ညီသော နည်းလမ်းများဖြင့် ပြောဆိုမှုများအပေါ် ကန့်သတ်သည့် အကြောင်းအရာ ထိန်းချုပ်ရေး ကျင့်သုံးမှုများ ပြုလုပ်နေသော လူမှုမီဒီယာ ပလက်ဖောင်းများအပေါ် အရေးယူဆောင်ရွက်ရန် တောင်းဆိုခြင်း ပါဝင်သည်။ ထရန့်၏ အမိန့်ကြော်ငြာစာတွင် လိမ်လည်လှည့်ဖြားသော (သို့မဟုတ်) တရားမျှတမှုမရှိသော ကျင့်သုံးမှုများ ဆောင်ရွက်ခြင်းမှနေ၍ အွန်လိုင်းပလက်ဖောင်းများကို တားမြစ်ရေးအတွက် ပြည်နယ်များအနေဖြင့် ဥပဒေကျင့်ထုံးများ ပြုလုပ်ရေးကို ကူညီရန် အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်အား ညွှန်ကြားခြင်းလည်း ပါဝင်သည်။ ထရန့်သည် သူ၏ အမိန့်ကြော်ငြာစာပါ မူဝါဒပန်းတိုင်များကို မြှင့်တင်ရန် ဖက်ဒရယ် ဥပဒေပြုရေးအတွက် အဆိုပြုချက်တစ်ရပ် ဖွံ့ဖြိုးလာရန်အတွက်လည်း ရှေ့နေချုပ်ကို အမိန့်ပေးခဲ့သည်။

ယခုအမိန့်ကို ထုတ်ပြန်ရာတွင် “ လက်ရှိမှာ Twitter လို လူမှုမီဒီယာကုမ္ပဏီကြီးတွေဟာ သူတို့ကို သူတို့ကြားနေ ပလက်ဖောင်းဆိုတဲ့ သီအိုရီပေါ်မှာ အခြေခံပြီး မမျှော်လင့်တဲ့ တာဝန်တစ်ရပ်ကို လက်ခံယူထားပါတယ်။ တကယ်က သူတို့ဟာ ကြားနေလည်း မဟုတ်ပါဘူး” ဟု ထရန့်က Oval Office တွင် ပြောကြားခဲ့သည်။ ထရန့်က “ကျွန်တော်တို့ ဒါကို စိတ်ကုန်နေပါပြီ၊ ဒါက တရားမျှတမှုမရှိပါဘူး။ ဒါက သိပ်ကို တရားမျှတမှု မရှိခဲ့တာပါ” ဟုလည်း ပြောကြားခဲ့သည်။ Twitter နှင့် Facebook တို့ကဲ့သို့သော လူမှုမီဒီယာများသည် အများဖြတ်လျှောက်ရာ ပလက်ဖောင်းတစ်ခုသာဖြစ်ပြီး ၎င်းတို့၏ပလက်ဖောင်းတွင် ရေးသားမှုများအတွက် မည်သည့်တာဝန်ယူ/ တာဝန်ခံမှုမျိုးမျှ မရှိပေ။ သို့သော် ၎င်းတို့၏ ပလက်ဖောင်းများကို လူအများ သုံးစွဲလာကြချိန်တွင် Community Standard နှင့်မညီဟု အကြောင်းပြကာ ၎င်းတို့၏ သဘောထားနှင့် မတိုက်ဆိုင်သည့် အကောင့်များကို ပိတ်ပစ်ခြင်း၊ ပို့စ်များကို ဖြုတ်ပစ်ခြင်းတို့ ရှိလာသည်။ အထူးသဖြင့် Facebook Myanmar Team သည် လက်ရှိအာဏာရပါတီကို ဝေဖန်သည့် အတိုက်အခံ အကောင့်များ/ ပို့စ်များကို ပိတ်ပစ်ခြင်းမှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ကို ဝင်ရောက်စွက်ဖက်ခြင်း အနှောက်အယှက်ပြုခြင်း သဘောဆောင်မျိုး ဆောင်နေသည်ကို သတိပြုရမည်ဖြစ်သည်။ ၎င်းအပြင် ကုလသမဂ္ဂ၏ ပဋိညာဉ်တွင် ပြဌာန်းထားသည့် လူတို့၏ မွေးရာပါ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ကိုလည်း သတိပြုရမည် ဖြစ်သည်။

Facebook အပါအဝင် လူမှုကွန်ရက်များအနေဖြင့် Public ဖွင့်ထားခြင်းမျိုး မဟုတ်သည့် အချက်အလက်များနှင့် Messenger မှတစ်ဆင့် ဆက်သွယ်ပေးပို့သည့် အချက်အလက်များကိုလည်း တရားရုံး၏ ခွင့်ပြုချက်မှတစ်ပါး မည်သူ့ကိုမျှ ထုတ်ပေးပိုင်ခွင့်မရှိပေ။ မြန်မာနိုင်ငံ၏ ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ’တွင် “ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောင်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းမပြုရဟု လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရဟုလည်းကောင်း၊ ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းဖြင့် အီလက်ထရောနစ်ဆက်သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း ထုတ်ပေးခြင်း မပြုရဟုလည်းကောင်း” တားမြစ်ထားသည်။

ထို့ကြောင့် Facebook က ၎င်းတို့၏ Community Standard နှင့် မညီဟု အကြောင်းပြကာ အကောင့်များ/ ပို့စ်များကို ဖြုတ်ပစ်ခြင်းတို့ကြောင့် နစ်နာမှုများရှိပါက အမေရိကန်ဥပဒေအရ တိုက်ရိုက်အရေးယူနိုင်ရန် တိုင်ကြားနိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ သုံးစွဲသူများအနေဖြင့်လည်း Facebook Myanmar Team ၌ ဥပဒေပ လုပ်ဆောင်ချက်များ ရှိပါက အထောက်အထားများဖြင့် သံရုံးမှတစ်ဆင့် အမေရိကန်အစိုးရထံသို့ တိုက်ရိုက်တိုင်ကြားမှုများ လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ ပြည်တွင်း၌လည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေနှင့် ငြိစွန်းပါက တိုင်ကြားမှုများ ပြုလုပ်သင့်သည်။ မည်သို့ပင်ဆိုစေ၊ Facebook ကဲ့သို့သော လူမှုမီဒီယာများအနေဖြင့် အမေရိကန်တွင် အခြေစိုက်သောကြောင့် အမေရိကန်၏ ဥပဒေကို လိုက်နာရမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ သုံးစွဲသူများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (မေ ၃၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent