ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အခါမျှ ပျောက်ကွယ်သွားဖွယ်မရှိဘဲ ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် HIV ဗိုင်းရပ်စ်နှင့် ဆက်လက်နေထိုင်နေရသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်နှင့် နေထိုင်ရန် သင်ယူရတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတိပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူဦးရေသည် ၃၀၂,၀၀၀ ကျော်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အမေရိကန်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံး နိုင်ငံဖြစ်ပြီး မေ ၁၅ ရက်အထိ ၈၆,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗိုင်းရပ်စ် စတင်ပေါ်ထွက်ရာဖြစ်သော တရုတ်နိုင်ငံအပေါ် အပြစ်ပုံရန် တိုး၍ လုပ်ဆောင်လာနေသည်။ ကိုရိုနာဗိုင်းရပ်စ် ကုသမှုနှင့်ဆိုင်သော ဉာဏပစ္စည်းများကို တရုတ်ဟက်ကာများက ခိုးယူရန် ကြိုးပမ်းနေကြောင်း အမေရိကန် လုံခြုံရေးအေဂျင်စီနှစ်ခုက မေ ၁၃ ရက်တွင် ပြောကြားခဲ့ပြီး တ ရုတ်ကို ဖိအားပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကဏ္ဍများကို ပစ်မှတ်ထားရန် တရုတ် က ကြိုးပမ်းမှုသည် အမေရိကန်၏ COVID-19 တုံ့ပြန်မှုအတွက် ကြီးမားသော ခြိမ်း ခြောက်မှု ဖြစ်ကြောင်း FBI နှင့် ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေး အေဂျင်စီ (CISA) တို့က ပြောကြားခဲ့သည်။
ကာကွယ်ဆေးကို ရရှိခဲ့ပါက ကမ္ဘာ့နိုင်ငံများအတွက် Lockdown များ ပြန်လည် ရုပ်သိမ်းရန် အထောက်အကူပြုမည်ဖြစ်ပြီး ကာကွယ်ဆေး ထုတ်လုပ်သူများကိုလည်း ဒေါ်လာသန်းပေါင်းများစွာ ရရှိစေနိုင်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်သည် လုံးဝ ပျောက်ကွယ်သွားဖွယ် မရှိဟု WHO က ပြောကြားခဲ့သည်။ “ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် နောက်ထပ် ကပ်ဘေးအဆင့် ဗိုင်းရပ်စ် ဖြစ်လာနိုင်ပါတယ်။ ပြီး တော့ ဒီဗိုင်းရပ်စ်က ပျောက်သွားတယ်ဆိုတာမျိုးလည်း ဘယ်တော့မှ ဖြစ်လာနိုင်ဖွယ် မရှိပါဘူး” ဟု WHO ၏ အရေးပေါ်စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ရိုင်ယန်က ပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်၏တွယ်ကပ်နေနိုင်သည့် အလားအလာ သည် ဗိုင်းရပ်စ်တိုက်ဖျက်ရေး နှင့် စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေးတို့အကြား အတိမ်းအ စောင်းမခံသည့် မျှခြေတစ်ရပ်ကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် ရှာဖွေရန်ဖြစ် လာစေခဲ့သည်။
ထရန့်က ကျန်းမာရေးတာဝန်ရှိသူများ၏အကြံပေးချက်ကို ဆန့်ကျင်ပြီး စီးပွားရေး လုပ်ငန်းများ အလျင်အမြန် ပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေးနေခဲ့သည်။ ကမ္ဘာ့အကြီး ဆုံး စီးပွားရေးကို နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ အလျင်အမြန် ပြန်လည်လည်ပတ်ရန် ထရန့်က ကြိုးပမ်းနေသည်။ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းအကြံပေး အန်တိုနီဖော်စီက စီးပွားရေးကို အဆောတလျင် ပြန်ဖွင့်ခြင်းက ထိန်းချုပ်မရနိုင်သော ကူးစက်မှုကို ဖြစ်လာ စေနိုင်ကြောင်း မေ ၁၃ ရက်တွင် သတိပေးခဲ့သော်လည်း ထရန့်က ထိုသတိပေးချက်သည် လက်ခံနိုင်ဖွယ်မရှိဟု ဆိုကာ ပယ်ချခဲ့သည်။ ဥရောပတစ်ဝန်းတွင်လည်း စီးပွားရေး ပြန်လည်ဖွင့်လှစ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ကူးစက်မှု ဒုတိယလှိုင်းကို စိုးရိမ်နေသည့် တိုင် နွေရာသီ ခရီးသွားလုပ်ငန်း ပြန်လည် လည်ပတ်ရေးကို ရှေ့ဆက် လုပ်ဆောင်နေကြ သည်။ အလုပ်အကိုင် သန်းပေါင်းများစွာကို ကယ်တင်ရန်အတွက် ခရီးသွားလုပ်ငန်း ပြန် လည် စတင်ရေးကို ဥရောပသမဂ္ဂက အကြံပြုထားပြီး နယ်စပ်ထိန်းချုပ်မှုများကိုလည်း ဖြည်းဖြည်းချင်း ပြန်လည်ဖယ်ရှားရန် စီစဉ်နေသည်။
ပြင်သစ်တွင် အပန်းဖြေကမ်းခြေအချို့ကို မေ ၁၃ ရက်က ပြန်ဖွင့်ခဲ့သော်လည်း ရေကူးရန်နှင့် ငါးမျှားရန်အတွက်သာ ခွင့်ပြုခဲ့သည်။ အင်္ဂလန်တွင်လည်း လူများကို နေအိမ်မှ လွတ်လပ်စွာ အပြင်ထွက်ခွင့် ပြန်ပေးခဲ့သည်။ လက်တင်အမေရိကတွင် ဗိုင်းရပ်စ် ကူးစက်မှု ဆက်လက်မြင့်တက်နေခဲ့ပြီး ချီလီနိုင်ငံမြို့တော် ဆန်တီယေဂိုတွင် ကူးစက်မှု ရာခိုင်နှုန်း ၆၀ အထိ ခုန်တက်ခဲ့ပြီးနောက် တစ်မြို့လုံးကို ပိတ်ဆို့ရန် သက်ဆိုင်ရာအာဏာပိုင်များက ချက်ချင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အာဂျင်တီးနားတွင်လည်း ဗျူနိုအေရီးစ်ရှိ ဆင်းရဲသား ရပ်ကွက်များ၌ ကူးစက်မှုမြင့်တက်ခဲ့သဖြင့် အာဏာပိုင်များက စိုးရိမ်တကြီး စောင့်ကြည့် နေရသည်။ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် ထောက်ပံ့မှုနိမ့်ကျပြီး ထိရောက် သော ကန့်သတ်ထိန်းချုပ်မှုလည်း ဖြစ်လာနိုင်ဖွယ်မရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့ပါက ဆိုးရွားသည့် အကျိုးဆက်ရှိလာနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက သတိပေးထားသည်။
မည်သို့ပင်ဆိုစေကာမူ၊ COVID-19 နှင့်ပတ်သက်၍ မူဝါဒရေးရာ ဆုံးဖြတ်ချက်မှန် သမျှသည် ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးနှင့် စီးပွားရေးတို့အကြားရှိ အတိမ်းအ စောင်းမခံသည့် မျှခြေတစ်ရပ်အပေါ်တွင်သာ အခြေပြုရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








