အပူချိန်မြင့်မားလာမှု၏ အန္တရာယ်

အပူချိန်မြင့်မားလာမှု၏ အန္တရာယ်
Published 14 May 2020

လက်ရှိအချိန်တွင် COVID သည် အားလုံးကို အကြီးအကျယ် ထိုးနှက်နေသဖြင့် မြန်မာနိုင်ငံ၏ နွေရာသီကာလ အပူချိန်မြင့်တက်မှုအန္တရာယ်ကို ခေတ္တမေ့ပျောက်ထားရသကဲ့သို့ ဖြစ်နေသည်။ ရာသီဥတုဆိုးရွားလာမှု၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင် တစ်စတစ်စ အပူချိန် မြင့်တက်လာမှုသည် စိုးရွံ့ဖွယ် ပြဿနာတစ်ရပ်ပင်ဖြစ်နေသည်။ အပူချိန်မြင့်မားမှုကြောင့် ဖြစ်တတ်သည့် အပူရှပ်လူနာများတွင် နေအိမ်၌ နေထိုင်သူများပင် ပါဝင်နေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာအချို့လည်း လတ်တလောတွင် ရှိနေကြောင်း သိရသည်။ ယခုဖြစ်ပေါ်နေသော အပူချိန်များကို ကြည့်လျှင် ပြည်နယ်နှင့် တိုင်းအားလုံးတွင် ပျမ်းမျှအပူချိန်ထက် အနိမ့်ဆုံး နှစ်ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ခုနစ်ဒီဂရီ စင်တီဂရိတ်အထိ ပိုမိုပူပြင်းနေသည်။ နေ့အပူချိန်မြင့်မားသော မြင်းမူနှင့် ချောက်မြို့တို့တွင် စံချိန်တင်အပူချိန်မြင့်မားမှုများလည်း ရှိခဲ့သည်။

ကမ္ဘာနှင့်တစ်ဝန်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုဒဏ်ကို သိသိသာသာခံစားနေကြရပြီဖြစ်ရာ မြန်မာနိုင်ငံသည်လည်း ဆိုးရွားစွာထိခိုက် ခံစားနိုင်ရခြေရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံနေရသည်။ အယ်လ်နီညိုရာသီဥတုနှင့်အတူ အပူချိန်တစ်စတစ်စ လွန်ကဲလာခြင်း၊ ရုတ်တရက် လေပြင်းများတိုက်၍ မိုးသီးကြွေခြင်း၊ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းကြီးများ အန္တရာယ် ကျရောက်နိုင်ခြင်း၊ ရေရှားပါးမှုစသည့် သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံဒေသအချို့တွင် ခပ်စိပ်စိပ်ဖြင့် ပြင်းပြင်းထန်ထန် ခံစားလာရသည်ကို တွေ့ရသည်။

ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်နေခြင်း၏ သက်ရောက်မှု ဆိုးကျိုးများကို မြန်မာနိုင်ငံအနေဖြင့် အခြားဒေသတွင်း နိုင်ငံများထက်ပင် ပိုမိုကြုံတွေ့ ရင်ဆိုင်နေရလိမ့်မည်ဟု ပညာရှင်များက သတိပေးပြီးလည်း ဖြစ်သည်။ နောင်နှစ်ပေါင်း ၁၀၀ ခန့်အတွင်း ကြုံတွေ့ရနိုင်ခြေရှိသော ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးကို ဆယ်စုနှစ် တစ်ခု၊ နှစ်ခုစာအတွင်းတွင် မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့လာရပါက ခံနိုင်ရည်ရှိရန် ယခုအချိန်မှစ၍ ပြင်ဆင်သင့်ပြီဟုလည်း ထောက်ပြမှုများ ရှိနေသည်။

ရာသီဥတု ပူနွေးလာခြင်း၏ အကြောင်းရင်းတွင် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု ပျက်ကွက်ခြင်းများကြောင့် နိုင်ငံအနေဖြင့် သက်ရောက်မှုကို ဆိုးရွားစွာ ရင်ဆိုင်ရနိုင်ခြေရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ယိုယွင်းပျက်စီးနေပြီဖြစ်သည့် သဘာဝပတ်ဝန်းကျင်ကို အချိန်မီ ပြုပြင်ထိန်းသိမ်းနိုင်ရန် အားထုတ်ကြိုးပမ်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို နိုင်ငံတကာနည်းတူ လျှော့ချနိုင်ရန် ပူးပေါင်းကြိုးပမ်းခြင်း၊ သစ်တောများ ထိန်းသိမ်းစောင့်ရှောက်၍ သစ်ပင်များစိုက်ပျိုးခြင်း မပြုလုပ်လျှင် ရာသီဥတုဖောက်ပြန်မှုကြောင့် နိုင်ငံတွင် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိနေပေသည်။ နွေရာသီကာလတွင် တစ်နှစ်ပြီးတစ်နှစ် ပူပြင်းခြောက်သွေ့မှုကို သိသိသာသာ ခံစားကြုံတွေ့ရများ ရှိနေပေသည်။ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ဖောက်ပြန်မှုကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကို စံချိန်တင်သော နွေရာသီ အပူချိန်များကိုကြည့်လျှင် တွက်ဆနိုင်ပေသည်။ ရာသီဥတုဖောက်ပြန်မှုဒဏ်ကြောင့် ဘေးအန္တရာယ် အခံရဆုံးနိုင်ငံများစာရင်းတွင် တစ်စတစ်စ မြင့်သထက် မြင့်လာသည်ကို တွေ့ရပေလိမ့်မည်။ ဆယ်စုနှစ်ပေါင်းများစွာ သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့သည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တဖြည်းဖြည်း မြင့်တက်လာခြေရှိခြင်းနှင့် မြစ်ချောင်းများ တိမ်ကောလာနိုင်ခြင်းတို့ကြောင့် စိုးရိမ်စရာဖြစ်နေပေသည်။ ဆုံးရှုံးသွားသော သစ်တောမြေများကို ပြန်လည်ကုစား၍ သစ်ပင်များနှင့် စိမ်းလန်းသော အခြေအနေတစ်ရပ်ကို အလွယ်တကူ ဖန်တီး၍ မရနိုင်သကဲ့သို့ပင် ဆင်းရဲသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု နည်းပညာရပ်ပိုင်းတွင်လည်း အားနည်းနေပြန်သည်။

ယခုထက်ပိုမို၍ ဆိုးရွားသော ရာသီဥတု၏ဒဏ်ကို မခံစားရမီ ပြုပြင်ပြောင်းလဲသင့်သည်များနှင့် ပြင်ဆင်သင့်သည်များကို အလျင်အမြန် လုပ်ဆောင်ရန် နိုင်ငံအနေဖြင့် လိုအပ်လျက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၊ ဆိုးရွားသောရာသီဥတု၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခံစားခဲ့ရသော ဘေးအန္တရာယ်များ၏ သင်ခန်းစာနမူနာကိုယူ၍ သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်းအသီးသီးအနေဖြင့် ကြိုတင်ကာကွယ်မှုများကို အလေးထားလုပ်ဆောင်သင့်ပေသည်။ ထို့အတူ နိုင်ငံတွင်း မှီတင်းနေထိုင်ကြသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုလျော့နည်းအောင် တတ်နိုင်သည့်ဘက်မှ တာဝန်ယူလုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (မေ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent