COVID-19 ကြောင့် အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးကာ ၂၀၂၀ ပြည့်နှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိမည်

COVID-19 ကြောင့် အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးကာ ၂၀၂၀ ပြည့်နှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိမည်
Published 18 March 2020
နီလာ

COVID-19 ဆက်လက်ပျံ့နှံ့နေမှုက ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်းကုန်စည် စီးဆင်းမှုကို ထိခိုက်စေပြီး အိမ်ထောင်စုများ၏ ငွေကြေးသုံးစွဲမှုအား ကျဆင်းစေသည့်အတွက် အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ  စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးကာ ၂၀၂၀ ပြည့်နှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဖြစ်ကြောင်း Chartered စာရင်းကိုင် အဖွဲ့အစည်း ICAEW ၏ နောက်ဆုံးထုတ်ပြန်သည့် Economic Update: South-East Asia အစီရင်ခံစာအရ သိရသည်။

သို့သော်လည်း လိုက်လျောညီထွေဖြစ်သော နိုင်ငံလုံးဆိုင်ရာ စီးပွားရေးမူဝါဒများနှင့် ဘဏ္ဍာရေး လှုပ်နှိုးမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ငါးရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားသည်။

တရုတ်နိုင်ငံစီးပွားရေးအပေါ် COVID-19 ဗိုင်းရပ်ပျံ့နှံ့မှု၏ ရိုက်ခတ်မှုဒဏ်ချက်က အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ ခရီးသွားလုပ်ငန်းများနှင့် အိမ်ထောင်စုအလိုက် ငွေကြေးသုံးစွဲမှုများ ကျဆင်းပြီး ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခြင်းမှတစ်ဆင့် အရှေ့တောင်အာရှဒေသကို သိသိသာသာ ထိခိုက်လာရန်ရှိသည်။

အလားတူ မြန်မာနိုင်ငံ၏စီးပွားရေးသည်လည်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုကျဆင်းခြင်းကြောင့် ထိခိုက်လျက်ရှိသည်။ တစ်ဖက်တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်မူ ခရီးသွားလုပ်ငန်းအပေါ် အားပြုမှုနည်းပါးသည့်အတွက် ထိခိုက်မှုကို ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

သို့ရာတွင် ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုများအပေါ် ရိုက်ခတ်မှုမှာ ရေတိုသာဖြစ်မည်ဟု မျှော်လင့်ထားသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံအကြား Phase One Trade Deal ရှိနေသည့်အတွက် ဒုတိယနှစ်ဝက်အတွင်း လျှပ်စစ်ပစ္စည်းစျေးကွက် နာလန်ထူလာပြီး ကျန်သည့်နှစ်တစ်လျှောက်လုံး သွင်းကုန်ပို့ကုန်လုပ်ငန်းများအနေဖြင့် မျှော်လင့်ထားသလို သိသိသာသာ ပြန်လည်တိုးတက်လာပါက အရှေ့တောင်အာရှဒေသ၏ စီးပွားရေးကျဆင်းမှုကို လျော့နည်းစေမည်ဖြစ်သည်။

ဒေသအတွင်း ငွေကြေးဆိုင်ရာ မူဝါဒများ ဖြေလျှော့မှုနှင့် ဘဏ္ဍာငွေတိုးမြှင့် သုံးစွဲခြင်းများကြောင့်လည်း  ဒေသတွင်းဝယ်လို အားကို အထောက်အကူပြုကာ ဗိုင်းရပ်စ်ပျံ့နှံ့မှု၏ ရိုက်ခတ်မှုဒဏ်ကို သက်သာစေမည်ဖြစ်သည်။ ခြုံကြည့်လျှင် ဒေသတွင်း ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းနေရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ထပ်မံကျဆင်းရန်ရှိသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားခဲ့သည့် ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် တိုးတက်မှုအနည်းဆုံး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

“ လူထုရဲ့ ပါဝင်ပတ်သက်မှု ပိုမိုများပြားလာပြီး ကုန်စည်စီးဆင်းမှုအဆင့်ဆင့်မှာ အပြန်အလှန် ထိခိုက်မှုရှိတဲ့အတွက် COVID-19 ပျံ့နှံ့မှုကနေ ရိုက်ခတ်တာက SARS ပျံ့နှံ့မှုထက် ပိုကြီးမယ်ဆိုပေမဲ့ ထိခိုက်မှု အများစုက ၂၀၂၀ ပထမနှစ်ဝက်မှာပဲရှိပြီး ၂၀၂၀ ဒုတိယနှစ်ဝက်မှာ ပြန်လည်နာလန်ထူလာမယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်” ဟု ICAEW ၏ Economic Advisor နှင့် Oxford Economics ၏ Lead Asia Economist ဖြစ်သူ Sian Fenner က ပြောကြားသည်။

Most Read

Most Recent