တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရုပ်သိမ်းခဲ့ပြီး ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထား၍ စီမံအုပ်ချုပ်မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀၊ ပုဒ်မခွဲ (စ) ပါ ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း လုပ်ငန်းတာဝန်အရ ယင်းဥပဒေပုဒ်မ ၆၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ငွေရေးကြေးရေးအဖွဲ့အစည်းများအား လိုုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် ရုပ်သိ်မ်းခြင်း၊ လုပ်ငန်းခိုင်မာ ကောင်းမွန်စေရန် ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အာရှရန်ကုန်ဘဏ်လီမိတတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက် ညနေပိုင်းမှစ၍ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်ညနေပိုင်းမှစ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အာရှရန်ကုန်ဘဏ်လီမိတက်အား အုပ်ချုပ်သူခန့်ထား၍ စီမံအုပ်ချုပ်မည်ဖြစ်ပြီး ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် သက်ဆိုင်ရာမြို့များရှိ အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်ခွဲများ၌ ပုံမှန်ရုံးချိန်အတွင်း ငွေထုတ်ယူလိုပါက ထုတ်ယူနိုင်ရန် စီစဉ်ထားရှိ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံဘဏ်များအသင်း၊ အသင်းဝင်ဘဏ်များ၏ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အပ်ငွေစာရင်းအရ အာရှရန်ကုန်ဘဏ်လီမိတက်တွင် ငွေအပ်နှံသူ ၁၁၃ ဦးရှိပြီး အပ်ငွေ သန်း ၆၀၀ ကျော်ရှိကြောင်း သိရသည်။










