COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတကာတွင် စီးပွားရေး ကျဆင်းနေသကဲ့သို့ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း MIC အတွင်းရေးမှူး ပြောကြား

COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတကာတွင် စီးပွားရေး ကျဆင်းနေသကဲ့သို့ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း MIC အတွင်းရေးမှူး ပြောကြား
လှိုင်သာယာစက်မှုဇုန်ရှိ လက်ဝါးအထည်ချုပ်စက်ရုံ (၃) ယာယီပိတ်သဖြင့် အလုပ်သမားများအား နစ်နာကြေး ပေးနေသည်ကို မတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
လှိုင်သာယာစက်မှုဇုန်ရှိ လက်ဝါးအထည်ချုပ်စက်ရုံ (၃) ယာယီပိတ်သဖြင့် အလုပ်သမားများအား နစ်နာကြေး ပေးနေသည်ကို မတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 15 March 2020
နီလာ

COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတကာတွင် စီးပွားရေး ကျဆင်းနေသကဲ့သို့ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

COVID-19 ဖြစ်ပေါ်နေတဲ့ အကျိုးဆက်အရ ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်မှု အများစု ရှိနိုင်တာကတော့ လုပ်သားအင်အား အသုံးပြုတဲ့ စက်ရုံလုပ်ငန်းတွေ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။

COVID-19 အကျိုးဆက်ကြောင့် ကုန်သွယ်ရေး၊ စီးပွားရေးအပေါ် ထိခိုက်နစ်နာမှုများ၊ ရပ်ဆိုင်းသွားသည့်စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင် အလုပ်သမားများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် နိုင်ငံတော်က ကူညီပေးနိုင်မည့်နည်းလမ်းများ အမြန်ဆုံးရှာဖွေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်၍ မတ် ၁၂ ရက်က နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းရောဂါ၏ အကျိုးဆက်ကြောင့် ပြည်တွင်းစီးပွားရေးကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ရိုက်ခတ်လာမည့် အကျိုးဆက်များနှင့် ထပ်မံဖြစ်ပေါ်လာနိုင်သည့် အခြားထိခိုက်နစ်နာမှုများကို လျှော့ချနိုင်ရေးအတွက် တုံ့ပြန်ဆောင်ရွက်ကြရန် အဆိုပါ အစည်းအဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု၏ အကျိုးဆက်ကြောင့် ကုန်သွယ်ရေး၊ စီးပွားရေးအပေါ် ထိခိုက်နစ်နာမှုများ လျော့ပါးသက်သာစေရေး၊ ရပ်ဆိုင်းသွားသည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင် အလုပ်သမားများအတွက် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် နိုင်ငံတော်က ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများ အမြန်ဆုံး ပူးပေါင်းရှာဖွေရေး၊ တရုတ်နိုင်ငံ၌ စက်ရုံများ ပိတ်သိမ်းမှုကြောင့် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာအလုပ်သမားများအား သက်ဆိုင်ရာ မြန်မာသံရုံးအနေဖြင့် တရုတ်အစိုးရနှင့် ညှိနှိုင်း၍ အတတ်နိုင်ဆုံး ကူညီပံ့ပိုးသွားရေး အပါအဝင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက ညွှန်ကြားချက်များနှင့် ပြည်သူလူထုထံ ပန်ကြားချက်များ ထုတ်ပြန်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်းစီးပွားရေး သက်ရောက်မှုများ ဖြေရှင်းနိုင်ရန် ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၆/၂၀၂၀ အဖြစ် မတ် ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်ခြောက်ခုကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ကမ္ဘာ့နိုင်ငံ အများအပြားတွင် လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ ကျဆင်းနေမှုအပေါ် အရေးပေါ် စီမံဆောင်ရွက်မည့် နည်းလမ်းများ၊ ကာလတို၊ ကာလရှည် ဆောင်ရွက်မည့် နည်းလမ်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲနိုင်ရန်ဖြစ်သည်။

ထို့ပြင် စက်ရုံများရပ်ဆိုင်း၍ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စဉ် ကာလအတွင်း အခြားအလုပ်အကိုင် အသစ်များ ဖော်ဆောင်ပေးခြင်း၊ အလုပ်သမားများအတွက် အကျိုးရှိမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်ဖြစ်သည်။

COVID-19 ကဲ့သို့ဖြစ်စဉ်များမှာ အနာဂတ်တွင်လည်း ထပ်မံပေါ်ပေါက်လာနိုင်ရာ MIC လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပစ္စည်းများ ရရှိရေးကို တရုတ်နိုင်ငံ တစ်ခုတည်းကိုသာ အမှီပြုနေရခြင်းအစား အခြားနိုင်ငံများမှ ကုန်ကြမ်းပစ္စည်းများ ဖြန့်ခွဲရယူနိုင်ရေးပြင်ဆင် ဆောင်ရွက်ရန်တို့ဖြစ်သည်။

ကာလရှည် မျှော်မှန်းမှု အနေဖြင့် မိမိနိုင်ငံအတွင်း Weaving၊ Knitting၊ Dying and Sewing Industry များ ထူထောင်၍ Supply Chain တစ်ခုလုံး မိမိနိုင်ငံတွင် ထုတ်နိုင်ရေး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့  ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်သည်။

ပြည်တွင်းအသေးစား၊ အငယ်စားနှင့် စီးပွားရေး လုပ်ငန်းများအပေါ် COVID-19 ဖြစ်စဉ်သက်ရောက်မှု ကြီးမားလာပါက အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန် တို့ဖြစ်သည်။

လိုအပ်ပါက ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent