၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၅၈၀၀ ဝင်ရောက်ရန်လျာထားပြီး ငါးလကျော်အတွင်း ဒေါ်လာသန်း ၂၈၀၀ နီးပါး ဝင်ရောက်မြှုပ်နှံ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၅၈၀၀ ဝင်ရောက်ရန်လျာထားပြီး ငါးလကျော်အတွင်း ဒေါ်လာသန်း ၂၈၀၀ နီးပါး ဝင်ရောက်မြှုပ်နှံ
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ- အောင်မျိုးသန့်)
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ- အောင်မျိုးသန့်)
Published 14 March 2020
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၅၈၀၀ အထိ ဝင်ရောက်ရန် ခန့်မှန်းထားပြီး ငါးလကျော်အတွင်း ဒေါ်လာသန်း ၂၈၀၀ နီးပါး ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းလေးခု၊ အတည်ပြုလုပ်ငန်း ၂၁ ခုခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အဆိုပြုလုပ်ငန်းလေးခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁၉ ခု၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခုနှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခုခွင့်ပြုခဲ့သည်။

အဆိုပါအစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်း ၂၅ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉ ဒသမ ၄၆၉ သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၄၁၈၇ ဦးကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ခွင့်ပြု/အတည်ပြု လုပ်ငန်း ၂၅ ခုမှာ ဟိုတယ်ကဏ္ဍမှတစ်ခု၊ မွေး/ရေကဏ္ဍမှ တစ်ခု၊ အခြားကဏ္ဍမှလေးခုနှင့် စက်မှုကဏ္ဍမှ ၁၉ ခုဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၆ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃၆ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၀၆၅ ဒသမ ၁၁၇ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၇၀၄ ဒသမ ၄၄၁ သန်းဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၆ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၄ ဒသမ ၂၆၇ သန်းဖြစ်သည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၆ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၇၈၈ ဒသမ ၇၀၈ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ် အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း၏ အခြေပြုကိစ္စရပ် (Base case) အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ (Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ်ဒေါ်လာ ၅ ဒသမ၈ ဘီလျံ၊ ကာလလတ်ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀ -၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊ ၂၀၃၁-၂၀၃၁ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိ ရရှိရန် အသီးသီး ခန့်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent