နိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ပြီး အပ်ငွေအနည်းဆုံး အတိုးနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အာမခံပစ္စည်းပါ ချေးငွေအများဆုံး အတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံရမည်

နိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ပြီး အပ်ငွေအနည်းဆုံး အတိုးနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အာမခံပစ္စည်းပါ ချေးငွေအများဆုံး အတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံရမည်
Published 13 March 2020
စည်သူအောင်

နိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ပြီး ဧပြီ ၁ ရက်မှစ၍ အပ်ငွေအနည်းဆုံး အတိုးနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အာမခံပစ္စည်းပါချေးငွေ အများဆုံး အတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံရမည်ဟု နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ ဖြင့် ညွှန်ကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၁ (စျ) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် ၁၀ ရာ ခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ဘဏ်များ၏ အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ်     တောင်းခံနိုင်သည့် အတိုးနှုန်းများမှာ ငွေစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအောက် နှစ်ရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း-နှစ်ရာခိုင်နှုန်း= ၇ ဒသမ ၅ ရာခိုင်နှုန်း) ထက် မနည်းစေရဟု သတ်မှတ်ထားသည်။

အာမခံပစ္စည်းများဖြစ်သော မြေ၊ အဆောက်အအုံ၊ ရွှေ-ရွှေထည် ပစ္စည်း၊ စိန်နှင့် အဖိုးတန် ကျောက်မျက်ရတနာများ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုလုပ်နိုင်သည့် ငွေချေးသက်သေခံ လက်မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက်အပေါင် (Pledge)၊ ချေးငွေအာမခံ (Credit Guarantee) ဖြင့် ထုတ်ချေးသည့် ချေးငွေများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အခါအားလျော်စွာ သတ်မှတ်သည့် အာမခံပစ္စည်းများ စသည်တို့ကို အခြေပြု၍ ထုတ်ချေးသည့် ချေးငွေများ အာမခံပစ္စည်းများရယူ၍ ထုတ်ချေးသည့် ချေးငွေများ အပေါ်တွင် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအထက် သုံးရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း + သုံးရာခိုင်နှုန်း = ၁၂ ဒသမ ၅ ရာခိုင်နှုန်း) ထက် ကျော်လွန်၍ ကောက်ခံခြင်းမပြုရန် သတ်မှတ်ထားသည်။

ထို့ပြင် အထက်ပါ အာမခံပစ္စည်းများမှအပ အခြားအာမခံပစ္စည်း ရယူ၍ဖြစ်စေ၊ အာမခံပစ္စည်းရယူခြင်း မပြုဘဲဖြစ်စေ၊ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် ကောက်ခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအထက် ခြောက်ရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း+ခြောက်ရာခိုင်နှုန်း= ၁၅ ဒသမ ၅ ရာခိုင်နှုန်း) ထက် ကျော်လွန်၍ ကောက်ခံခြင်း မပြုရဟု သတ်မှတ်ထားသည်။

ဘဏ်များမှ ကောက်ခံနိုင်သည့် အများဆုံး အတိုးနှုန်းတွင် ကတိခံကြေး၊ စီမံခန့်ခွဲမှုစရိတ် စသည့် အခကြေးငွေများ ပါဝင်ပြီးဖြစ်ပြီး ဤညွှန်ကြားချက်သည် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်စ၍ အကျိုးသက်ရောက် စေရမည်ဟု နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။

“အခုအချိန်က အတိုးနှုန်းလျှော့ချသင့်တဲ့ အချိန်ကောင်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး အခြေအနေကြောင့် အတိုးနှုန်းတွေလျှော့၊ အခွန်နှုန်းတွေလျှော့၊ စီးပွားရေး လုပ်ငန်းတွေကို အထောက်အကူပေး စတာတွေ လုပ်ပေးနေပါတယ်။ မြန်မာမှာလည်း စီးပွားရေး အခြေအနေ ကောင်းမွန်ဖို့အတွက် အတိုးနှုန်း စလျှော့ပေးတာပေါ့” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

ယခုအတိုးနှုန်း လျှော့ချမှုသည် လက်ရှိ အစိုးရလက်ထက်တွင် ပထမဦးဆုံး အတုုိးနှုန်းလျှော့ချ သတ်မှတ်မှုဖြစ်ပြီး ယခင်အစိုးရ လက်ထက်တွင် အတိုးနှုန်း နှစ်ကြိမ်လျှော့ချ သတ်မှတ်ခဲ့သည်။

 

Most Read

Most Recent