နွေရာသီလျှပ်စစ်ဓာတ်အားပေးရေး အကောင်အထည်ဖော်နေသည့် စီမံကိန်းများအနက် မဂ္ဂါဝပ် ၃၅၀ ရှိသည့် LNG to Power သီလဝါဓာတ်အားပေး စက်ရုံစီမံကိန်းအသစ်တွင် LNG သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်းတည်ဆောက်မှု ရာခိုင်နှုန်း ၄၀ ပြီးစီး

နွေရာသီလျှပ်စစ်ဓာတ်အားပေးရေး အကောင်အထည်ဖော်နေသည့် စီမံကိန်းများအနက် မဂ္ဂါဝပ် ၃၅၀ ရှိသည့် LNG to Power သီလဝါဓာတ်အားပေး စက်ရုံစီမံကိန်းအသစ်တွင် LNG သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်းတည်ဆောက်မှု ရာခိုင်နှုန်း ၄၀ ပြီးစီး
 သီလဝါအထူးစီးပွားရေးဇုန်အတွင်း သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်အတွင်း သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 9 March 2020
နီလာ

မဂ္ဂါဝပ် ၃၅၀ ရှိသည့် LNG to Power သီလဝါဓာတ်အားပေး စက်ရုံစီမံကိန်းအသစ်တွင် LNG သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်းတည်ဆောက်မှု ရာခိုင်နှုန်း ၄၀ ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းသည် ၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား  စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကောင်အထည်ဖော်နေသည့် စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

မဂ္ဂါဝပ် ၃၅၀ ရှိသည့် LNG to Power သီလဝါဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်ကို V- Power Co., Ltd က အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မတ်လပထမပတ်အတွင်းက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လာမည့်နွေရာသီကာလအတွင်း နိုင်ငံတစ်ဝန်းလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြန့်ဖြူးပေးနိုင်ရေးနှင့် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းများ သတ်မှတ်အချိန်ပြီးစီးရန် အရေးကြီးကြောင်း ဒုတိယဝန်ကြီးဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းတွင် LNG သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်းတည်ဆောက်မှု ရာခိုင်နှုန်း ၄၀ ပြီးစီးနေပြီဖြစ်ကြောင်း၊ Regasification Unit တပ်ဆင်နေမှုမှာ ၁၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ High Speed နှင့် Medium Speed ဓာတ်အားပေးစက်များ တပ်ဆင်ရန် Foundation ၈၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀ လက်မ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှု ရာခိုင်နှုန်း ၉၀ အထိလည်းကောင်း၊ ၂၃၀ ကေဗွီဓာတ်အားလိုင်း တာဝါတိုင်ခုနစ်တိုင်၏ Foundation လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေကာ သီလဝါဓာတ် အားပေးစက်ရုံတွင် ဓာတ်အားခွဲရုံတိုးချဲ့ခြင်းလုပ်ငန်း ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နွေရာသီအမီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတ ဓာတ်အားပေးစက်ရုံစီမံကိန်းငါးခုမှ ဓာတ်အားပမာဏ ၁၀၇၂ ဒသမ ၀၈ မဂ္ဂါဝပ် ထုတ်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၏ အမည်စာရင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

၂၀၂၀ ပြည့်နှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတဓာတ်အားပေး စက်ရုံစီမံကိန်းငါးခုအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/ ၂၀၁၉) ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က International Competitive Bidding – IBC စနစ်ဖြင့် တင်ဒါခေါ်ယူခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် တင်ဒါပိတ်ခဲ့သည်။

ကျွန်းချောင်းဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် Consortium of Vpower Group Holdings Ltd and VPower Holdings Ltd အား Winnering Bidder အဖြစ် သတ်မှတ်၍ စီမံကိန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး Letter of Acceptance (LOA) ကို စက်တင်ဘာ ၆ ရက်က ထုတ်ပေးခဲ့သည်။ ဓာတ်အားပေးစက်ရုံ၏ အာမခံဓာတ်အားထုတ်လုပ်နိုင်မှုမှာ ၂၀ ဒသမ ၅၄ မဂ္ဂါဝပ်ဖြစ်သည်။

အလုံဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် Consortium of China Energy Engineering Group Hunan Electric Power Design Institute CO., Ltd, China ITS (Holding) Co., Ltd and Shen Zhen Shennan Power Gas Turbine Engineering Technique Co., Ltd က တင်ဒါ အောင်မြင်ခဲ့သည်။

ကျောက်ဖြူဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် Consortium of China National Technical Import & Export Corporation, VPower Group Holdings Ltd and VPower Holdings Ltd က တင်ဒါအောင်မြင်ခဲ့သည်။

သန်လျင်ဓာတ်အားပေးစက်ရုံစီမံကိန်း အတွက် Consortium of China National Technical Import & Export Corporation, VPower Group Holdings Ltd and VPower Holdings Ltd က တင်ဒါ အောင်မြင်ခဲ့သည်

သာကေတဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် Consortium of China National Technical Import & Export Corporation, VPower Group Holdings Ltd and VPower Holdings Ltd က တင်ဒါအောင်မြင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နွေရာသီအမီ အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းငါးခုမှ စုုစုပေါင်းဓာတ်အားပမာဏ ၁၀၇၂ ဒသမ ၀၈ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent