၂၀၂၀ ပြည့်နှစ် နွေရာသီလျှပ်စစ်လိုအပ်ချက်အတွက် မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတ စသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းခုနစ်ခုမှ ၁၁၆၆ မဂ္ဂါဝပ်ကို မတ်၊ ဧပြီနှင့် မေလတွင် စတင်ထုတ်လုပ်ဖြန့်ဖြူးမည်

၂၀၂၀ ပြည့်နှစ် နွေရာသီလျှပ်စစ်လိုအပ်ချက်အတွက် မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတ စသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းခုနစ်ခုမှ ၁၁၆၆ မဂ္ဂါဝပ်ကို မတ်၊ ဧပြီနှင့် မေလတွင် စတင်ထုတ်လုပ်ဖြန့်ဖြူးမည်
လောပိတရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
လောပိတရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 21 January 2020
နီလာ

၂၀၂၀ ပြည့်နှစ် နွေရာသီလျှပ်စစ် လိုအပ်ချက်အတွက် မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတစသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းခုနစ်ခုမှ လျှပ်စစ်ဓာတ်အား ၁၁၆၆ မဂ္ဂါဝပ်ကို မတ်၊ ဧပြီနှင့် မေလတွင် စတင်ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၀ ရက်က တင်ဒါခေါ်ယူထားသည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Consortium of MCM & Posco ကုမ္ပဏီမှတာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင်ထုတ်လုပ်နိုင်မည့် ရွှေတောင် ၂၈ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ Consortium of CEEC, CIC and NSRD ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် မတ်လကုန်တွင် စတင်ထုတ်လုပ်နိုင်မည့် အလုံ ၁၅၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတည် ဆောက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ Consortium of CNTIC & VPower ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၀  ပြည့်နှစ် မတ်၊ ဧပြီနှင့် မေလတို့တွင် စတင် ဓာတ်အားထုတ်လုပ်နိုင်မည့် ကျွန်းချောင်း မဂ္ဂါဝပ် ၂၀၊ ကျောက်ဖြူမဂ္ဂါဝပ်  ၁၅၀၊ သန်လျင်မဂ္ဂါဝပ် ၃၅၀ နှင့် သာကေတမဂ္ဂါဝပ် ၄၀၀ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် အလုံဓာတ်အားပေးစက်ရုံးမှူးက ဓာတ်အားပေး စက်ရုံဓာတ်အားထုတ်လုပ်နေမှု အခြေအနေနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်၍ ဓာတ်အားဖြန့်ဖြူးထားမှု အခြေအနေများကို တင်ပြခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည်   ၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်ခုနစ်ခုကို တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး မကွေးမြို့ ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ဖွင့်လှစ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတဓာတ်အား ပေးစက်ရုံစီမံကိန်းငါးခုအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၂/ ၂၀၁၉)၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က International Competitive Bidding – IBC စနစ်ဖြင့် တင်ဒါခေါ်ယူခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် တင်ဒါပိတ်ခဲ့သည်။

ကျွန်းချောင်းဓာတ်အားအပေးစက်ရုံ စီမံကိန်းအတွက် Consortium of VPower Group Holdings Ltd and VPower Holdings Ltd က တင်ဒါအောင်မြင်ခဲ့ပြီး ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ထုတ်လုပ်မည်။

အလုံဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် Consortium of China Energy Engineering Group – Hunan Electric Power Design Institute Co., Ltd, China ITS (Holding) Co., Ltd and Chenzhen Shennan Power Gas Turbine Engineering Technique Co., Ltd က တင်ဒါအောင်မြင်ခဲ့ပြီး ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်သည်။

ကျောက်ဖြူဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် Consortium of China National Technical Import & Export Corporation, VPower Group Holdings Ltd and VPower Holdings Ltd က တင်ဒါအောင်မြင်ပြီး မဂ္ဂါဝပ် ၁၅၀ ဖြစ်သည်။

သန်လျင်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် Consortium of China National Technical Import & Export Corporation, VPower Group Holdings Ltd and VPower Holdings Ltd ကတင်ဒါ အောင်မြင်ခဲ့ပြီး  မဂ္ဂါဝပ် ၃၅၀ ဖြစ်သည်။

သာကေတ ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် Consortium of China National Technical Import & Export Corporation, VPower Group Holdings Ltd and VPower Holdings Ltd က တင်ဒါအောင်မြင်ခဲ့ပြီး မဂ္ဂါဝပ် ၄၀၀  ထုတ်လုပ်မည် ဖြစ်သည်။