လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၂၀ ကျော် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၇၈၁ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၁ ဒသမ ၅၆၂ ဘီလျံသာရှိသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း ရင်းနှီးမြှုပ်နှံမှုပစ္စည်းတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၂၀ ဒသမ ၃၃၂ သန်း ပိုမိုရရှိထားခြင်း ဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုကဏ္ဍမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ၊ သွင်းကုန်တင်သွင်းမှုကဏ္ဍမှ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံရရှိရန် လျာထားကြောင်းနှင့် ပို့ကုန်သည် သွင်းကုန်ထက် လျော့နည်းနေသောကြောင့် ကုန်သွယ်ရေး လိုငွေ ဒေါ်လာနှစ်ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၃၄ ဒသမ ၉၇ ဘီလျံကျော်ရှိကာ လျာထားချက်ဖြစ်သည့် ဒေါ်လာ ၃၁ ဘီလျံထက် ကုန်သွယ်မှု ပိုမိုပြုလုပ်နိုင်ခဲ့သော်လည်း ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းများကြောင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှု ပစ္စည်းတင်သွင်းမှု မြင့်တက်နေမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈၇၆ ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၃ ဘီလျံခန့် ရှိသည်။
နိုင်ငံပေါင်း ၅၀ က စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၀၄ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ရာခိုင်နှုန်းကျော်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၁၃ ရာခိုင်နှုန်းကျော်၊ အိမ်ခြံမြေ ကဏ္ဍတွင် ခုနစ် ရာခိုင်နှုန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်၊ သတ္တုတွင်းထွက်လုပ်ငန်းကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော် စသည်ဖြင့် အသီးသီးရှိသည်။
၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ် အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။