အမေရိကန်နှင့် အီရန်တင်းမာမှုကြောင့် ကမ္ဘာ့ရွှေစျေး မြင့်တက်လျက်ရှိသော်လည်း ပြည်တွင်းရွှေစျေးသည် ကျပ် ၁၂ သိန်းဝန်းကျင်သာရှိနေမည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြောကြား

အမေရိကန်နှင့် အီရန်တင်းမာမှုကြောင့် ကမ္ဘာ့ရွှေစျေး မြင့်တက်လျက်ရှိသော်လည်း ပြည်တွင်းရွှေစျေးသည် ကျပ် ၁၂ သိန်းဝန်းကျင်သာရှိနေမည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြောကြား
 ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ခု၌ ရွှေအရောင်းအဝယ်ပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ခု၌ ရွှေအရောင်းအဝယ်ပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 14 January 2020
မျိုးထွန်း

 

 

အမေရိကန်နှင့် အီရန်တင်းမာမှုကြောင့် ကမ္ဘာ့ရွှေစျေး မြင့်တက်လျက်ရှိသော်လည်း ပြည်တွင်းရွှေစျေးသည် ကျပ် ၁၂ သိန်းဝန်း ကျင်သာရှိနေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၌ ပြုလုပ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိစ္စအား ရှင်းလင်းခြင်းအစည်းအဝေးတွင် The Daily Eleven သတင်းစာ၏မေးမြန်းမှုကို ဖြေကြားကြားရာတွင် ယခုကဲ့သိုထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မတင်းမာခင်က မြန်မာ့ရွှေစျေးဟာ ၁၁ သိန်း ၄ သောင်းထိတောင် ရှိပါတယ်။ အဲဒီနေစပြီး ပစ်ခတ်တာတွေလည်းလုပ်ရော တောက်လျှောက်တက်သွားတာပဲ။ ကမ္ဘာ့စျေးက ဒေါ်လာ ၁၆၁၀ လောက်ထိအောင် ဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားပြီးတော့ ဒီမှာလည်း ၁၂ သိန်း ၃ သောင်းလောက်ဖြစ် သွားတယ်။ ထရန်မိန့်ခွန်းပြောသွားတာလည်း တော်တော်ကောင်းသွားပါတယ်။ အမေရိကန်နဲ့ တရုတ်နဲ့လက်မှတ်ထိုးမယ်ဆိုတာ အဲဒါလည်း နောက်ဆက်တွဲပါလာတယ်။ ပါလာတော့ တရုတ်က ရွှေမဝယ်တော့ဘူးဆိုရင် ကမ္ဘာ့ရွှေစျေးကပြန်ကျသွားပါမယ်။ မြန်မာ့ရွှေစျေးကတော့ သိပ်ပြီးအတက်ကြီး လောက်မဖြစ်နိုင်တော့ဘူး။ ကျွန်တော်တို့ ဒေါ်လာစျေးဆို ဒီမှာက မြန်မာငွေပြန်မာ သွားတယ်ပေါ့။ ပြန်မာသွားတဲ့အတွက် ကျွန်တော်တို့ ဒေါ်လာစျေးကျသွားတယ်။ ကျသွားတော့ ရွှေစျေးကလည်း သိပ်ပြီးတော့ မတတ်နိုင်တော့ပါဘူး။ ဒီပတ်ဝန်းကျင် လောက်ပဲသွားနေမယ်။ ၁၂ သိန်းပတ်ချာ လည်လောက်ပဲသွားနေမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောကြားသည်။ 

ထို့ပြင်ရွှေစျေးကွက်အတွင်း ငွေကြေးခဝါချမှုများပေါ်ပေါက်လျှင် သတင်းပေးပို့နိုင်ပြီး  မမှန်သတင်းပေးပါက ထောင်သုံးနှစ်နှင့်အထက် ချမှတ်ခံရမည်ဖြစ်ကာ သတင်းမှန်ပါက ဆုကြေးငွေငါးရာခိုင်နှုန်းရမည်ဟု ညွှန်ကြားချက်တွင်ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ငွေကြေးခဝါချမှုနဲ့ပတ်သက်လို့လည်း ဗဟိုအဖွဲ့ရှိတယ်။ ဗဟိုငွေကြေးခဝါချမှုအဖွဲ့ရှိတယ်။ နောက်စုံစမ်းထောက်လှမ်းရေးအဖွဲ့ရှိတယ်။ စိစစ်ရေးအဖွဲ့ရှိတယ်။ နောက်တစ်ခါစုံစမ်းရေးအဖွဲ့ရှိတယ်။ နောက်ပြီး သတင်းပေးအဖွဲ့အစည်းတွေလည်းရှိတယ်။ သတင်းပေးအဖွဲ့အစည်းတွေဟာလည်း ကျွန်တော်တို့ မှားယွင်းပြီးတော့ သတင်းပေးလို့ရှိရင် ထောင်ဒဏ်သုံးနှစ်ကနေအထက် ကျခံရမယ်ဆိုပြီးတော့ပြဋ္ဌာန်းချက် ထုတ်ထားပါတယ်။ တကယ်လို့ သတင်းပေးတဲ့သူက မှန်ကန်တယ်ဆိုရင် ငါးရာခိုင်နှုန်းဘောနပ်ဆုရမယ်ဆိုပြီး ညွှန်ကြားချက်မှာပါပါတယ်။ အဲဒါတွေကလည်း ကျွန်တော်တို့ ဒီမှာတော့သိအောင် ပြောပြထားတဲ့ သဘောပဲရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တစ်နေ့လျှင် ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်ဖြစ်နေပြီး ဆိုင်များမှ ပြန်ရောင်းသည်များရှိသကဲ့သို့ လိုအပ်၍ ကုန်ကြမ်းစုခြင်းများလည်းရှိကြောင်း ဦးမျိုးမြင့်၏ ပြောကြားချက်အရ သိရသည်။

 

 

 

Most Read

Most Recent