၂၀၁၉ ခုနှစ် အောက်တိုဘာအထိ ၁၀ လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၆၈၆၃ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ရောင်းအား ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်

၂၀၁၉ ခုနှစ် အောက်တိုဘာအထိ ၁၀ လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၆၈၆၃ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ရောင်းအား ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်
သီလဝါအထူးစီးပွားရေးဇုုန်ရှိ ဆူဇူကီးကားစက်ရုံမှ ကားများကို တွေ့ရစဉ်
သီလဝါအထူးစီးပွားရေးဇုုန်ရှိ ဆူဇူကီးကားစက်ရုံမှ ကားများကို တွေ့ရစဉ်
Published 12 January 2020
စည်သူအောင်

၂၀၁၉ ခုနှစ် အောက်တိုဘာအထိ ၁၀ လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၁၆၈၆၃  စီး ရောင်းချနိုင်ခဲ့ပြီး ယခင် နှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်ကာ အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ASEAN Auto- motive Federation က ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

အာဆီယံစျေးကွက် တစ်ခုလုံးအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ ကားသစ်ရောင်းချမှုပမာဏ ၂၈၅၀၇၉၉ စီးရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကားသစ်ရောင်းချမှုပမာဏ နှစ်ရာခိုင်နှုန်း ကျော်ကျဆင်းခဲ့ကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ၂၅ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ်ကာလတူထက်  အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်းအားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။ မြန်မာစျေးကွက်၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၇၄၀ စီး၊ ဖေဖော်ဝါရီတွင် ၁၃၉၆ စီး၊ မတ်တွင် ၁၄၈၃ စီး၊ ဧပြီတွင် ၉၅၅ စီး၊ မေတွင် ၁၆၀၇ စီး၊ ဇွန်တွင် ၁၆၇၈ စီး၊ ဇူလိုင်တွင် ၁၇၂၄ စီး၊ သြဂုတ်တွင် ၁၈၅၈ စီး၊ စက်တင်ဘာတွင် ၁၈၂၂ စီး၊ အောက်တိုဘာတွင် ၂၆၀၀ စီးရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃၄၇၅ စီး ပိုမိုရောင်းနိုင်ခဲ့ကာ တိုးတက်မှုနှုန်း ၂၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီး ရောင်းချခဲ့ရပြီး မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာမူဝါဒ အပြောင်းအလဲကြောင့်  ၂၀၁၇ ခုနှစ်အတွင်း ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ၊ ၂၀၁၈ ခုနှစ်တွင် ကားသစ်စီးရေ ၁၇၀၀၀ ကျော်အထိ ရောင်းချခဲ့ရကာ ၂၀၁၉ ခုနှစ် ၁၀ လအတွင်း ကားသစ်စီးရေ ၁၆၈၀၀ ကျော်အထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာစျေးကွက်သည် ထွန်းသစ်စစျေးကွက်တစ်ခုဖြစ်လာပြီး နှစ်အလိုက်တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှုပမာဏ တိုးတက်မှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ၁၀ လအတွင်း အစီးရေ  ၁၂၈၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင်ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသ တစ်ခုလုံးအနေဖြင့် ၂၀၁၇ ခုနှစ်တွင် သုည ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံက  ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ ခန့်၊ ၂၀၁၉ ခုနှစ်  ၁၀ လအတွင်း ရာခိုင်နှုန်း ၃၀ ခန့်တိုးတက်ခဲ့သည်။

အာဆီယံစျေးကွက်တစ်ခုလုံးအနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ကားသစ်တပ်ဆင်ထုတ်လုပ်မှု ပမာဏ ၃၅၂၇၈၃၂ စီးရှိပြီး ယခင် နှစ်ကာလတူထက် လေးရာခိုင်နှုန်း ဝန်းကျင်ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ရာခိုင်နှုန်း ၃၀ ဝန်းကျင်ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေ ၄၉၃၀ စီးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီး ပိုမိုကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ကားစီးရေ ၁၂၂၉၂ စီး တပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၃၆၂ စီး ပိုမိုကာ တိုးတက်မှုနှုန်း ၁၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း လအလိုက် ထုတ်လုပ်ခဲ့သည့် ကားသစ်စီးရေ ပမာဏများမှာ ဇန်နဝါရီတွင် ၁၄၀၁ စီး၊ ဖေဖော်ဝါရီတွင် ၁၂၉၈ စီး၊ မတ်တွင် ၁၀၄၃ စီး၊ ဧပြီတွင် ၈၈၅ စီး၊ မေတွင် ၁၅၀၁ စီး၊ ဇွန်တွင် ၁၄၉၂ စီး၊ ဇူလိုင်တွင်  ၁၁၃၅ စီး၊ သြဂုတ်တွင် ၁၃၈၁ စီး၊ စက်တင်ဘာတွင် ၁၄၅၃ စီး၊ အောက်တိုဘာတွင် ၁၂၂၆ စီးဖြစ်သည်။ 

 

 

Most Read

Most Recent