၂၀၁၉ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် Wave Money မိုဘိုင်းငွေလွှဲဝန်ဆောင်မှုဖြင့် ငွေလွှဲပြောင်းမှုသည် သုံးဆ မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံအထိရှိကြောင်း Wave Money ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Wave Money သည် ၂၀၁၈ ခုနှစ်အတွင်း ငွေလွှဲပြောင်းမှု ပမာဏကျပ်၂ ထရီလျံ ရှိခဲ့ပြီး ၂၀၁၉ခုနှစ်အတွင်း ငွေကျပ် လွှဲပြောင်းမှု ပမာဏ ကျပ် ၆ ဒသမ ၄ ထရီလျံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ) အထိရှိကြောင်း သိရသည်။
Wave Money မိုဘိုင်းငွေကြေးဝန်ဆောင်မှုအား ၂၀၁၈ ခုနှစ်တွင် သုံးစွဲသူ ခုနစ်သန်းကျော်သာရှိပြီး ၂၀၁၉ ခုနှစ်တွင် သုံးစွဲသူ ၁၇ သန်းကျော်အား ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၃၃၀ ကျော်ရှိ မြို့နယ် ၂၉၄ မြို့နယ်တွင် Wave Money ကိုယ်စားလှယ်အေးဂျင့် ၅၆၀၀၀ ကျော်ရှိသည်။ အဆိုပါအေးဂျင့်များအတွက် ကော်မရှင်ခ ကျပ် ၅၅ ဘီလျံ (အမေရိကန် ဒေါ်လာ ၃၇ သန်း) ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် Wave Money မိုဘိုင်းဝန်ဆောင်မှု ပမာဏသည် ၂၀၁၉ ခုနှစ်ကထက် ကျော်လွန်ရန် မျှော်မှန်းထားကြောင်း သိရသည်။
“ ၂၀၂၀ မှာလည်း ၂၀၁၉ တုန်းက ရတဲ့ ပမာဏထက် ကျော်ပြီးရမယ်လို့ မျှော်မှန်းထားတယ်။ ၂၀၁၉ မှာ ၂၀၁၈ ကထက် ငွေလွှဲပြောင်းတဲ့ပမာဏ သုံးဆ၊ ကော်မရှင်ခ နှစ်ဆကျော် ရခဲ့တယ်။ ၂၀၂၀ မှာ ၂၀၁၉ ကထက် ကျော်ပြီးရမယ်လို့ မှန်းထားပါတယ်” ဟု Communication Manager မစိုးဟန်နီချိုက ပြောကြားသည်။
ယင်းအပြင် ပင်စင်လစာပေးချေရာ တွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် Wave Money နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပြင်ဦးလွင်တို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပင်စင်စား ဝန်ထမ်းဟောင်းများအနေဖြင့် တစ်နိုင်ငံလုံးရှိ Wave Money ကိုယ်စားလှယ် ၅၆၀၀၀ ကျော်ထံမှ ပင်စင်ငွေများ ထုတ်ယူလျက်ရှိသည်။
၂၀၁၉ ခုနှစ်တွင် Wave Money သည် ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၃ ဒသမ ၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း) အထိ ပင်စင်စားအစိုးရဝန်ထမ်းများနှင့် ငွေကြေးဝန်ဆောင်မှုနှင့် အလှမ်းဝေးသူများအတွက် Wave Money မှတစ်ဆင့် လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။










