ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်
Published 5 November 2019

ဒေါ့မွန် နှင့် အင်တာမီလန် (၆-၁၁-၂၀၁၉ နံနက် ၂း၃၀ နာရီ)

ဘာစီလိုနာက ဒီအုပ်စုမှာ (၃)မှတ်အသာနဲ့ ဦးဆောင်နေပြီး အင်တာမီလန်နဲ့ ဒေ့ါမွန်တို့က ဒုတိယနေရာအတွက် အပြိုင်လုရမယ့် အနေအထားဖြစ်တယ်။ လက်ရှိအနေအထားမှာတော့ ဒီနှစ်သင်းက အမှတ်တူနေပြီး အင်တာမီလန်က Head to Head အသာနဲ့ အုပ်စုကို ဦးဆောင်နေတယ်။ ပြီးခဲ့တဲ့ပွဲမှာ (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာက အင်တာမီလန်ရဲ့အုပ်စုတွင်း ပထမဆုံးနိုင်ပွဲဖြစ်ပြီး  ဒေါ့မွန်ရဲ့အထက်ကို ရောက်စေခဲ့တာဖြစ်တယ်။ ဒီပွဲမှာသာ သရေကစားနိုင်ရင် အင်တာမီလန်အတွက် မျှော်လင့်ချက်ပိုရှိလာမှာဖြစ်ပြီး ဒေါ့မွန်ကတော့ ဘာစီလိုနာနဲ့ ကစားရမယ့် အဝေးကွင်းပွဲကျပ်ရှိနေလို့ ဒီပွဲမှာ မဖြစ်မနေအနိုင်ရဖို့လိုနေတာတွေ့ရတယ်။ ဒီအုပ်စုရဲ့ထူးခြားချက်က ဘာစီလိုနာအသင်းရဲ့ပွဲတွေကလွဲရင် ကျန် (၃)သင်းရဲ့ပတ်လည်တွေ့ဆုံမှုတွေက ဂိုးနည်းခဲ့တာဖြစ်ပြီး ဘာစီလိုနာပွဲတွေမှာတောင် အလွန်ဆုံး (၂-၁)အထိပဲ ဖြစ်ခဲ့တာတွေ့ရတယ်။ ဒေါ့မွန်က အိမ်ကွင်းဖြစ်နေလို့ အားသာပေမယ့်အင်တာမီလန်ရဲ့ခံစစ်နဲ့ ဒီရာသီမာကျောမှုတွေက ဒေါ့မွန်ဆီက အမှတ်ခွဲယူသွားနိုင်တာကိုလက်ခံရမယ်။ ဒီပွဲက (၁-၁)လောက်နဲ့ ပြီးသွားမယ်ထင်တယ်။

ချယ်လ်ဆီး နှင့် အေဂျက်စ် (၆-၁၁-၂၀၁၉ နံနက် ၂း၃၀ နာရီ)

ချယ်လ်ဆီးနဲ့ အေဂျက်စ်တို့က ဒီအုပ်စုမှာ ဗလင်စီယာရဲ့အထက် (၂)မှတ်အကွာမှာ ပူးတွဲရပ်တည်နေတဲ့အသင်းတွေ ဖြစ်တယ်။ ပထမအကျော့တုန်းက အေဂျက်စ်အသင်းရဲ့ကွင်းမှာ အနိုင်ရခဲ့တာကြောင့် Head to Head အသာရပြီး ဒီအုပ်စုမှာ ချယ်လ်ဆီးက ထိပ်ဆုံးနေရာက ရပ်တည်နေတယ်။ ပထမအကျော့မှာ ကစားခဲ့တဲ့ ခြေစွမ်းအရဆိုရင် နှစ်သင်းစလုံး ခြေရည်တူလို့ ပြောလို့ရပြီး ချယ်လ်ဆီးအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ နှစ်သင်းစလုံးမှာ လူငယ်ကစားသမားတွေအများအပြား ပါဝင်နေကြပြီး ကစားအားကောင်းတာနဲ့ တစ်ဦးချင်းအရည်အသွေးမြင့်မားပုံချင်း တူညီကြတာလည်းတွေ့ရတယ်။ ဒီနှစ်သင်း ထိပ်တိုက်မဆုံခင်အထိ အေဂျက်စ်က အားသာနေတဲ့အနေအထားဖြစ်ခဲ့ပြီး (၆)ဂိုးသွင်း၊ ပေးဂိုးမရှိ၊ (၆)မှတ်ယူထားခဲ့တယ်။ ချယ်လ်ဆီးနဲ့ပဲဲွမှာတော့ ပွဲချိန် (၈၆)မိနစ်မှာပေးလိုက်ရတဲ့ဂိုးကြောင့် ချယ်လ်ဆီးက အနိုင်ရခဲ့တာဆိုပေမယ့် ချယ်လ်ဆီးကွင်းမှာလည်း အေဂျက်စ်ကောင်းကောင်း ရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ ပြည်တွင်းလိဂ်မှာလည်း (၉)မှတ်ဖြတ်ပြီး အေးအေးဆေးဆေး ဦးဆောင်နေတာကြောင့် ချယ်လ်ဆီးထက်ပိုပြီး အာရုံစိုက်နိုင်မယ်ထင်တယ်။ အေဂျက်စ်သရေရသွားနို်င်တယ်။

ဇင်းနစ် နှင့် လိုက်ပ်ဇစ် (၆-၁၁-၂၀၁၉ နံနက် ဝဝး၂၅ နာရီ)

ကြိုတွက်ခဲ့သလိုပဲ ဒီအုပ်စုက အကြိတ်အနယ်ရှိပြီး (၄)သင်းစလုံး မျှော်လင့်ချက်ရှိနေကြတာတွေ့ရတယ်။ ဇင်းနစ်က လိုက်ပ်ဇစ်ကွင်းမှာတုန်းက ခြေစွမ်းပြကစားပြီး ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် လိုက်ပ်ဇစ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး (၃)မှတ်ယူသွားခဲ့တယ်။ ဒီပွဲကတော့ ဇင်းနစ် အခွင့်အရေးပြန်ယူရမယ့်ပွဲပါ။ နှစ်သင်းစလုံးမှာ ကစားသမားကောင်းတွေရှိပြီး စုစည်းမှုကောင်းကြတယ်။ ဇင်းနစ်က အိမ်ကွင်းမှာ ဘင်ဖီကာလို အသင်းကောင်းတစ်သင်းကိုလည်း ဂိုးပြတ်အနိုင်ကစားနိုင်ခဲ့တယ်။ ဒီပွဲက ဇင်းနစ်အတွက် အမှတ်ယူရမယ့်ပွဲပါ။ အနည်းဆုံး တစ်မှတ်တော့ ယူနိုင်မယ်ထင်တယ်။

ဘာစီလိုနာ နှင့် ဆလားဗီးယားပရပ်ဂ် (၆-၁၁-၂၀၁၉ နံနက် ဝဝး၂၅ နာရီ)

ဘာစီလိုနာက ဒီအုပ်စုမှာ ထိပ်ဆုံးကဦးဆောင်နေတယ်။ ဒါပေမဲ့ လက်ကျန်နှစ်ပွဲက ဒေါ့မွန်၊ အင်တာမီလန်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ အမှားခံလို့တော့မရသေးဘူး။ ပထမအကျော့ ဆလားဗီးယားပရပ်ဂ်ရဲ့ကွင်းမှာတုန်းကတော့ ဧည့်သည်အသင်းရဲ့ကစားပုံက ချီးကျူးစရာဖြစ်ပြီး ဘာစီလိုနာ ခက်ခက်ခဲခဲအနိုင်ယူခဲ့ရတယ်။ ဒီပွဲကတော့ ဘာစီလိုနာအိမ်ကွင်းလည်းဖြစ်နေတဲ့အတွက် အလွယ်တကူအနိုင်ယူမှာပါ။ အိမ်ကွင်းဂိုးသွင်းအားကလည်း သိသိသာသာတိုးတက်လာတဲ့အတွက် ဘာစီလိုနာဂိုးပြတ်သွင်းလိမ့်မယ်။

နာပိုလီ နှင့် ဆာလ်ဇ်ဘာ့ဂ် (၆-၁၁-၂၀၁၉ နံနက် ၂း၃၀ နာရီ)

နာပိုလီက ဆာလ်ဇ်ဘာ့ဂ်ရဲ့ကွင်းမှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး အနိုင်ရခဲ့တယ်။ အုပ်စုတွင်း အဓိကပြိုင်ဘက်အသင်း တွေထဲကတစ်သင်းဖြစ်တဲ့ ဆာလ်ဇ်ဘာ့ဂ်ကို ဒီပွဲမှာ ထပ်နိုင်ခဲ့ရင် နာပိုလီ အုပ်စုကတက်ဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ ပြည်တွင်းပွဲမှာ ရလဒ်တွေကျဆင်းနေပေမယ့် ချန်ပီယံလိဂ်မှာတော့ နာပိုလီ ပုံစံကောင်းပြနေပါတယ်။ ဆာလ်ဇ်ဘာ့ဂ်ရဲ့တိုက်စစ်ကစားပုံကို လျှော့မတွက်သင့်ပေမယ့် နာပိုလီနိုင်ပွဲရအောင် ကစားနိုင်မှာပါ။ (၂-၁၊ ၃-၁)လောက်ဖြစ်မယ်။

လီဗာပူးလ် နှင့် KRC ဂျန့် (၆-၁၁-၂၀၁၉ နံနက် ၂း၃၀ နာရီ)

လီဗာပူးလ်က ဂျန့်အသင်းရဲ့ကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ စပါး၊ အာဆင်နယ်၊ ဗီလာတို့နဲ့ကစားခဲ့တဲ့ ပြည်တွင်းပွဲတွေမှာ လီဗာပူးလ်ရဲ့ ခြေစွမ်းက အားရစရာသိပ်မရှိခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ဂိုုးသွင်းအားကောင်းပါတယ်။ နာပိုလီကို ရှုံးခဲ့ပေမယ့် ဆာလ်ဇ်ဘာ့ဂ်နဲ့ ဂျန့်နှစ်ပွဲမှာ (၈) ဂိုးအထိ သွင်းနိုင်ခဲ့တာတွေ့ရတယ်။ ဒီပွဲပြီးရင် မန်စီးတီးနဲ့ ကစားဖို့ ရှိတဲ့အတွက် ကစားသမားအချို့အနားပေးမယ်ဆိုရင်တောင် လီဗာပူးလ်အတွက် အခက်အခဲမရှိနိုင်ပါဘူး။

လိုင်ယွန် နှင့် ဘင်ဖီကာ (၆-၁၁-၂၀၁၉ နံနက် ၂း၃၀ နာရီ)

အဖွင့် နှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ ဘင်ဖီကာက ပြီးခဲ့တဲ့ပွဲမှာ လိုင်ယွန်ကို အနိုင်ကစားပြီး မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်။ အုပ်စုကို ဦးဆောင်နေတဲ့ လိုက်ပ်ဇစ်က (၆)မှတ်ရထားပေမယ့် ဇင်းနစ်ကွင်းမှာ  သွားကစားရမယ့်အချိန်မှာ လိုင်ယွန်နဲ့ ဘင်ဖီကာ ပွဲမှာ အနိုင်ရတဲ့အသင်းက မျှော်လင့်ချက်ပိုအားကောင်းလာနိုင်တယ်။ ပထမအကျော့ခြေစွမ်းအရဆိုရင် ဘင်ဖီကာပိုကောင်းခဲ့ပေမယ့် ဘင်ဖီကာရဲ့အဝေးကွင်းအားနည်းမှု၊ လိုင်ယွန်ရဲ့ အိမ်ကွင်းခြေစွမ်းတွေကြောင့် လိုင်ယွန်ပဲကြိုက်တယ်။

ဗလင်စီယာ နှင့် လိုင်လီ (၆-၁၁-၂၀၁၉ နံနက် ၂း၃၀ နာရီ)

လိုင်လီက ပြီးခဲ့တဲ့ပွဲမှာ ဗလင်စီယာကို သရေကစားခဲ့တယ်။ ဗလင်စီယာအတွက်တော့ လက်ကျန်ပွဲကျပ်နှစ်ပွဲမတိုင်ခင် သေချာပေါက် အမှတ်ယူရတော့မယ့်ပွဲဖြစ်ပြီး ဒီပွဲမှာသာ သရေကျခဲ့ရင် ချယ်လ်ဆီးနဲ့ အေဂျက်စ်တို့အတွက် အခွင့်အရေးပေးသလို ဖြစ်သွားနိုင်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဗလင်စီယာ ပိုကောင်းပေမယ့် လိုင်လီကလည်း ချယ်လ်ဆီး၊ ဗလင်စီယာတို့ နဲ့ ကစားခဲ့တဲ့နှစ်ပွဲရဲ့ ခြေစွမ်းကလျှော့တွက်လို့မရဘူး။ ဗလင်စီယာနိုင်မှာဖြစ်ပေမယ့် (၂-၁)လောက်ပဲဖြစ်မယ်။

Most Read

Most Recent