စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာလ က်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲကို သြဂုတ် ၁၈ ရက် မွန်းလွဲ ၂နာရီက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ကျင်းပခဲ့ရာ ထွန်းထွန်းမင်းက ပြိုင်ဘက်ကိုအနိုင်ရခဲ့ပြီး တူးတူးနှင့် ရဲသွေးနီ တို့၏တွဲဆိုင်းများမှာ ပူးတွဲသရေရလဒ်ထွက် ပေါ်ခဲ့သည်။
မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲ ကို Myanmar Martial Arts Group က စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတွဲဆိုင်းတစ်ဆိုင်းအပါအဝင် တွဲ ဆိုင်းစုစုပေါင်းခုနစ်ဆိုင်းဖြင့်ကျင်းပခဲ့သည်။ပြည်တွင်းမှလက်ဝှေ့ကျော်များဖြစ်သော ထွန်း ထွန်းမင်း၊တူးတူး၊ရဲသွေးနီတို့၏တွဲဆိုင်းများ အပြင် ဗျဂ္ဃ၊ဘရော်နီကာတို့၏တွဲဆိုင်းများ ကိုလည်း ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်သည်။
အဓိကတွဲဆိုင်းအဖြစ် ထွန်းထွန်းမင်း (မြန်မာ)နှင့် မီခေးလ်ဗက်ထရီလာ(ရုရှား)တို့ ထိုးသတ်ခဲ့ကြရာ ထွန်းထွန်းမင်းက ငါးချီ မြောက်တွင်အနိုင်ရခဲ့သည်။ မီခေးလ်ဗက် ထရီလာသည် ထွန်းထွန်းမင်း၏ တိုက်စစ်ဆင် မှုကို အကောင်းဆုံးဟန့်တာနိုင်ခဲ့သူဖြစ်ပြီးလက်ရေးပိုင်းနိမ့်ပါးသော်လည်း အားပါသော ဘယ်ဖြောင့်လက်သီးကြောင့် ထွန်းထွန်းမင်း အလဲထိုးရန်ခက်ခဲခဲ့ရသည်။ နောက်ဆုံးအချီအထိ ထွန်းထွန်းမင်းက လက်ရည်အသာဖြင့် ယှဉ်ပြိုင်ကာ ပွဲသိမ်းရန် ကြိုးပမ်းခဲ့သောကြောင့် အမှတ်စဉ်လေးကြိမ်အရေခံရကာ မီခေးလ် ဗက်ထရီလာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဒုတိယခေါင်ပွဲအဖြစ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော တူးတူး(မြန်မာ)နှင့်ဖာဘီရိုဖရာရီ(ဘရာဇီးလ်)တို့၏တွဲဆိုင်းတွင် တူးတူးက အစီးသရေဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ပုံစံကောင်း ပြသနိုင်ခဲ့သည်။ တူးတူက ပထမအချီတွင် ဖာဘီရိုကို၏ အမှားကိုစောင့်ကြည့်ကာ ထိုးသတ်ခဲ့ခြင်း ဖြစ်ပြီး ဒုတိယအချီမှစတင်ကာ ဘယ်၊ညာ လက်သီးတွဲလုံးများ၊ ခေါင်းတိုက်ချက်များနှင့် ခြေကန်ချက်များကိုသုံး၍ တိုက်ခိုက်ခဲ့သည်။ စတုတ္ထအချီတွင် တူးတူးက အလဲထိုးရန် ကြိုးပမ်းခဲ့ပြီး လိုက်ကပ်၊ လိုက်ထပ်ကာ တိုက် စစ်ကိုမြှင့်ခဲ့သည်။ သို့သော်လည်း ဖာဘီရို၏ မထင်မှတ်ထားသော မာဂုဏ်ကြောင့် အလဲထိုးနိုင်ခဲ့ခြင်းမရှိဘဲ ပူးတွဲသရေဖြင့်သာ ကျေနပ်ခဲ့ရသည်။
အထူးငါးချီစိန်ခေါ်ပွဲများ ၏ လက်ကျန်တွဲဆိုင်းများတွင် ရန်နိုင်ထွန်း (မြန်မာ)နှင့် ကိန်းကော်လန်(နယူးဇီလန်)တို့ယှဉ်ပြိုင်ခဲ့ကြရာ ကိန်းကော်လန်၏ မထင် မှတ်ထားသော အနင်းအတားကြောင့် ရန်နိုင် ထွန်းအခက်တွေ့ခဲ့ရပြီး အလဲအကွဲဖြင့် ပူးတွဲ သရေဖြင့် ပြီးဆုုံးခဲ့သည်။ ရဲသွေးနီ(မြန်မာ)နှင့် ဘာဘတ်(အီရန်) တို့၏တွဲဆိုင်းမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပထမအချီမှာပင် ဘာဘတ်၏တံတောင် ရိုက်ချက်ကြောင့် ရဲသွေးနီ နဖူးကွဲသွားခဲ့ရသည်။ ယင်းဒဏ်ရာကြောင့်ပင် ရဲသွေးနီ၏ တိုက်စစ်ပုံစံပျက်သွားခဲ့ပြီး ပူးတွဲသရေရလဒ်ဖြင့်သာ ပြီးဆုံးသွားခဲ့ရသည်။ အမျိုးသမီးတွဲဆိုင်းတွင် ဘရော်နီကာ (မြန်မာ)နှင့် ဆွာဆိုပစ်(ထိုင်း)တို့ ယှဉ်ပြိုင်ခဲ့ကြရာ ပူးတွဲသရေရလဒ်ဖြင့်ပင် ပွဲပြီးဆုံးခဲ့ကြောင်းသိရသည်။ မျိုးဆက်သစ် လေးချီတွဲဆိုင်းအဖြစ် ငွေနန်းတော်နှင့် နိုင်းဝမ်းတို့ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပူးတွဲသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ကြောင်း သိရ သည်။