ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့နယ်၌ တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့နယ်၌ တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား
Published 6 August 2019
မင်းနိုင်စိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့နယ်တို့တွင် သြဂုတ် ၅ ရက်က တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကြုံကျေးရွာအနီးတွင် သြဂုတ် ၅ ရက် နံနက် ၆ နာရီခွဲခန့်မှ နံနက် ၇ နာရီ ၁၀ မိနစ်အထိ တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တာမိုးညဲမြို့အနီးတွင် နံနက် ၇ နာရီ ၁၅ မိနစ်အချိန်မှ ၁၀ နာရီထိ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးဌာနက သြဂုတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာ အနောက်ဘက် သုံးမိုင်ခန့်အကွာရှိ နောင်ချိုရွာဟောင်းတွင် သြဂုတ် ၄ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှစ၍ တပ်မတော်စစ်ကြောင်းနှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့  ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သြဂုတ် ၄ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၄ ရက်တွင် တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တပ်မတော်သည် ၂၀၁၈ ခုနှစ်  ဒီဇင်ဘာ ၂၁ ရက်မှစ၍ တိုင်းစစ်ဌာနချုပ် နယ်မြေ ငါးခုတွင် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားခဲ့ပြီး တပ်မတော်၏ တစ်ဖက်သတ် အပစ်ရပ်ကြေညာသည့် ကာလမှစ၍ ခုနစ်လကျော် ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲပေါင်း ၉၇ ကြိမ်ဖြစ်ပွားခဲ့ ရာ အဆိုပါ တိုက်ပွဲများအနက် တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ၂၅  ကြိမ်ဖြင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဇူလိုင် ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

တပ်မတော်နှင့် TNLA အဖွဲ့တို့အကြား တိုက်ပွဲများမှာ TNLA အဖွဲ့၏ နယ်မြေကျော်လွန် လှုပ်ရှားမှုများကြောင့် အများဆုံး ဖြစ်ပွားရခြင်းဖြစ်ပြီး အခြားသော စည်းကမ်းဖောက်ဖျက်မှုများဖြစ်သည့် ဆက်ကြေးကောက်ခံမှု၊ လူသစ်စုဆောင်းမှုများကြောင့်လည်း တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နှင့် Bilateral စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်း ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်တွင် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမည့် နေရာနှင့်ပတ်သက်၍ သဘောတူညီမှု မရရှိသေးသည့်အတွက် တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အကြား ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် မူကြမ်းကို နှစ်ဖက် အပြန်အလှန် ပေးပို့ထားပြီး အစိုးရက TNLA ထံ ပေးပို့ထားသည့် အပစ်ရပ်စာချုပ် မူကြမ်းတွင် TNLA အဖွဲ့ကို ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်များတွင်သာ အခြေချနေထိုင်ရန် အဆိုပြုထားကြောင်း သိရသည်။

 

 

Most Read

Most Recent