၂၀၀၈ ခုနှစ်နောက်ပိုင်း ဘုရင့်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဗလင်စီယာ

၂၀၀၈ ခုနှစ်နောက်ပိုင်း ဘုရင့်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဗလင်စီယာ
Photo: Marca, AFP & Getty Images
Photo: Marca, AFP & Getty Images
Published 26 May 2019

■ ဘာစီလိုနာ ၁-၂ ဗလင်စီယာ 

ဗလင်စီယာအသင်းဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်မှာ ဘာစီလိုနာကို (၂-၁) ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို (၈) ကြိမ်မြောက် ရယူသွားခဲ့ပါတယ်။

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းရဲ့ပွဲထွက်စာရင်းမှာ ဒဏ်ရာရနေတဲ့ ဆွာရက်ဇ်နဲ့ စတီဂန်တို့ ပါဝင်လာခြင်းမရှိပေမယ့် မက်ဆီ၊ ကော်တင်ဟို၊ ရာကီတစ်၊ ဘူးစကွက်စ်၊ ပီကေးတို့နဲ့လူစုံခဲ့ပါတယ်။ 

ဗလင်စီယာအသင်းကတော့ ဂါမဲရိုးနဲ့ ရိုဒရီဂိုအထောင်ထားကာ ၄-၄-၂ နဲ့ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ဆိုလာ၊ ပယ်ရေဟို၊ ကိုကွီလင်၊ ဂယ်ဒက်စ်တို့ကစားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ပုံစံအတိုင်းပဲ ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး ဗလင်စီယာအသင်းကတော့ တန်ပြန်တိုက်စစ်တွေကနေ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကစားကွက်သာသလို ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့ပေမယ့် စိတ်ဓာတ်ပြင်းထန်တဲ့ ဗလင်စီယာအသင်းကို ကျော်ဖြတ်ဖို့ ခက်နေခဲ့ပါတယ်။ 

ပွဲချိန် (၂၁) မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဂါယာ ချပေးတာကို ၀ါရင့်တိုက်စစ်မှူး ဂါမဲရိုးက ဘာစီလိုနာနောက်ခံလူတွေ တားဖို့ ကြိုးစားနေတဲ့ကြားက ဗလင်စီယာအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။

 

ဂိုးပေးလိုက်ရပြီးနောက်မှာ ဘာစီလိုနာအသင်းဟာ ချေပဂိုးရဖို့တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး အဲဒါက ဗလင်စီယာအသင်းအတွက် အခက်ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် (၃၃) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေပဲ ဆိုလာ ချပေးတာကို ရိုဒရီဂိုက ပြေးပိတ်ပြီး ဗလင်စီယာအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာ ဘာစီလိုနာတို့ ကြိုးစားခဲ့ပေမယ့် ဗလင်စီယာနောက်တန်းနဲ့ ဂိုးသမား ဒိုမီနစ်တို့ လက်စွမ်းပြခဲ့တာကြောင့် ဗလင်စီယာအသင်းက (၂-၀)ဂိုးနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဗယ်လ်ဗာဒီဟာ ချေပဂိုးတွေရဖို့အတွက် မယ်လ်ကွန်၊ ဗီဒယ်လ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက်မှာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုအလုပ်ဖြစ်ခဲ့ပေမယ့် ဗလင်စီယာအသင်းက အကောင်းဆုံးခံကစားနိုင်ခဲ့တာကြောင့် ဘာစီလိုနာ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဘာစီလိုနာအသင်းဘက်က မက်ဆီ၊ ကော်တင်ဟိုတို့ ဂိုးကန်သွင်းခွင့်တွေရခဲ့ပေမယ့် ဗလင်စီယာဂိုးသမား ဒိုမီနစ် လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဘာစီလိုနာတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

အထူးသဖြင့် ဘာစီလိုနာတိုက်စစ်မှာ မက်ဆီတစ်ယောက်တည်း ရုန်းကန်ခဲ့ရသလို၊ ဗလင်စီယာရဲ့ တန်ပြန်တိုက်စစ်တွေကလည်း ဘာစီလိုနာအသင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ချေပဂိုးရဖို့ တောက်လျှောက်ကြိုးစားနေတဲ့ ဘာစီလိုနာအသင်းဟာ ပွဲချိန် (၇၃) မိနစ်မှာတော့ ချေပဂိုးတစ်ဂိုး ရခဲ့ပေမယ့် ထောင့်ကန်ဘောကနေ လွန်းဂလတ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိပြီး ပြန်ထွက်လာတာကို မက်ဆီက အနီးကပ်ကန်သွင်းယူခဲ့တာပါ။ 

ပထမချေပဂိုးရပြီးနောက်မှာ ဘာစီလိုနာတို့ နောက်ထပ်ဂိုးတွေရဖို့ အသည်းအသန်းကြိုးစားခဲ့ပေမယ့် ဗလင်စီယာအသင်းက အကောင်းဆုံးထိန်းချုပ်ပြီး ကစားသွားခဲ့လို့ ဂိုးတော့ ထပ်မရတော့ဘဲ ဗလင်စီယာအသင်းကို အရှုံးပေးလိုက်ရပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဗလင်စီယာအသင်းကတော့ ၂၀၀၇-၀၈ ရာသီနောက်ပိုင်း ဘုရင့်ဖလားကို ပြန်လည်ကိုင်မြှောက်နိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ (၈) ကြိမ်မြောက် ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

Most Read

Most Recent