ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ဟာရီကိန်း ကြံ့ခိုင်မှုပြည့်ဝလာရန် ပိုချက်တီနို မျှော်မှန်းထား

ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ဟာရီကိန်း ကြံ့ခိုင်မှုပြည့်ဝလာရန် ပိုချက်တီနို မျှော်မှန်းထား
Published 25 May 2019

စပါးအသင်းနည်းပြ ပိုချက်တီနိုက ခြေချင်းဝတ်အရွတ်ဒဏ်ရာကြောင့် အနားယူနေရသည့် တိုက်စစ်မှူး ဟာရီကိန်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် မျှော်မှန်းထားကြောင်း ပြောကြားသည်။

ဟာရီကိန်းသည် ဧပြီဒုတိယပတ်အတွင်း မန်စီးတီးအသင်းနှင့်ကစားသည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲတွင် ပြိုင် ဘက်ကစားသမား ဒဲ့လ်ဖ်နှင့်ထိခိုက်မိရာမှ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ် ကုသမှုပြုလုပ်ခဲ့ရသည်။ 

၎င်းအနေဖြင့် ပြန်လည်သက်သာလာကြောင့် လေ့ကျင့်ခန်းပြုလုပ်နေပြီဖြစ်သော်လည်း ဇွန် ၁ ရက်တွင် ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ ခိုင်မှုပြည့်ဝရန် မသေချာသေးကြောင်း သိရသည်။ 

သို့သော် ပိုချက်တီနိုက ''ကိန်းက လေ့ကျင့်ခန်းတွေလုပ်နေပါပြီ။ သူ့ရဲ့ဒဏ်ရာ ပျောက်ကင်းရေးလုပ်ငန်းစဉ်က တော်တော်ကောင်းနေပါပြီ။ ကျွန်တော်တို့ကတော့ သူအသင်းနဲ့အတူရှိနေပြီး အကူအညီပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ပွဲထွက်စာရင်းမှာပါမလား၊ အရန်စာရင်းမှာပါမလား ဒါမှမဟုတ် အဝတ်လဲခန်းထဲကနေပဲ စိတ်ဓာတ်တက်ကြွလာစေဖို့ အကူအညီပေးနိုင်မလား ဆိုတာတော့ မသိသေးပါဘူး။ ကျွန်တော်တို့ကတော့ ကိုယ်တိုင်ကိုယ်ကျ ကွင်းထဲမှာပါဝင်ပြီး အသင်းအတွက် သူအကူအညီပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်'' ဟု ပြောကြားသည်။

စပါးအသင်းသည် ဟာရီကိန်းမပါဝင်နိုင်သော်လည်း ကွာတားဖိုင်နယ်တွင် မန်စီးတီးနှင့် ဆီမီးဖိုင်နယ်တွင် အေဂျက်စ်တို့ကို အံ့အားသင့်ဖွယ်ကျော်ဖြတ်၍ အသင်းသမိုင်း တစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမ ဆုံးအကြိမ် တက်ရောက်ခွင့်ရထားသည်။ 

စပါး နှင့် လီဗာပူးလ်အသင်းတို့၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မက်ဒရစ်မြို့၌ ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent