ဗလင်စီယာအသင်းသည် အင်တာမီလန်အသင်းမှ ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ကွန်ဒေါ့ဘီယာကို တစ်ရာသီအငှားဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
ကွန်ဒေါ့ဘီယာသည် ၂၀၁၅ ခုနှစ်က မိုနာကိုအသင်းမှ အင်တာမီလန်အသင်းသို့ ယူရို(၃၆)သန်းဖြင့် ရောက်ရှိပြီး (၅)နှစ်စာချုပ် ချုပ်ဆိုထားသူဖြစ်သည်။
အသက်(၂၄)နှစ်အရွယ် ကွန်ဒေါ့ဘီယာကို ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်အသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း အင်တာမီလန်အသင်းက အနည်းဆုံးယူရိုသန်း(၃၀)အလိုရှိသည့်အတွက် အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့ပေ။
ဗလင်စီယာအသင်းကမူ အပြီးသတ်ခေါ်ယူရန် ငွေကြေးမတတ်နိုင်ခြင်းကြောင့် အငှားဖြင့်ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး အင်တာမီလန်အသင်းကလည်း လက်ခံခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယခုအပြောင်းအရွှေ့တွင် ဗလင်စီယာအသင်းအနေဖြင့် နောက်ခံလူ ကန်ဆယ်လိုကို အင်တာမီလန်အသင်းထံ ပြန်လည်ရောင်းချရန်ဟူသည့် သဘောတူညီချက် ပါဝင်ဖွယ်ရှိကြောင်းလည်း စပိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
ကွန်ဒေါ့ဘီယာသည် ယခုနွေရာသီတွင် ဗလင်စီယာအသင်းသို့ရောက်ရှိသည့် (၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရှိရသည်။