မန်စီးတီးအသင်း၏ ပြင်သစ်ကွင်းလယ်ကစားသမား နာဆရီသည် တူရကီကလပ် အန်တယ်လ်ယာစပေါ်အသင်းသို့ ပြောင်းရွှေ့ သွားခဲ့ကြောင်း သိရှိရသည်။
အသက်(၃၀)ရှိပြီဖြစ်သည့် နာဆရီသည် ၂၀၁၁ ခုနှစ်က အာဆင်နယ်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင်(၂၅)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု(၂)ကြိမ် ရယူ နိုင်ခဲ့သူလည်းဖြစ်သည်။
သို့သော် နောက်ပိုင်း၌ မန်စီးတီးအသင်းတွင် နေရာပျောက်လာခဲ့ ပြီး ပြီးခဲ့သည့်ရာသီက ဆီဗီလာအသင်းထံ အငှားချခံခဲ့ရသည်။
နာဆရီသည် မန်စီးတီးအသင်းဖော်အချို့နှင့်လည်း အဆင်မပြေသည့်အတွက် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နာဆရီကို ပြင်သစ်ကလပ် နိုက်စ်အသင်းကလည်း စိတ်ဝင်စားခဲ့သော်လည်း အငှားခေါ်ယူရန်သာ ကမ်းလှမ်းခဲ့ခြင်းကြောင့် မန်စီးတီးအသင်းက အပြီးသတ်ခေါ်ယူရန် ကမ်းလှမ်းသည့် အန်တယ်လ်ယာစပေါ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းအသင်းမှာ အီတူး အသင်းခေါင်း ဆောင်အဖြစ် ပါဝင်ကစားနေသည့်အသင်း ဖြစ်ပြီး နာဆရီကို ပေါင်(၈)သန်းဖြင့် ခေါ်ယူကာ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
မန်စီးတီးအသင်းက ယခုအပြောင်း အရွှေ့သတင်းကို အတည်ပြုခဲ့ပြီး အနာဂတ် စာမျက်နှာသစ်၌ အောင်မြင်မှုရရှိပါစေဟုလည်း နာဆရီကို ဆုတောင်းပေးခဲ့သည်။