၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် အကြိမ် (၃၀)မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသည် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပမည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်က အတည်ပြုကြေညာခဲ့သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ် (SEAGF) အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ရာ ဖိလစ်ပိုင်အိုလံပစ် ကော်မတီဥက္ကဋ္ဌ ဂျို့စ်ကိုဂျူအန်ကိုက အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင် အိုလံပစ်ကော်မတီသည် မူလက နိုင်ငံ၏ ဘတ်ဂျက်အခြေအနေကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး (၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း
နားကျင်းပမည့်ရက်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လေးကြိမ် မြောက် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၈၁ ခုနှစ် တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၊ ၁၉၉၁၊ ၂၀၀၅ ခုနှစ်တွင် လက်ခံကျင်းပခဲ့ပြီး ၁၄ နှစ်အကြာ တွင် တစ်ကျော့ပြန်လက်ခံကျင်းပခွင့်ရခြင်း ဖြစ်သည်။
ဖိလစ်ပိုင် အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျို့စ်ကိုဂျူအန်ကိုက "၂၀၁၉ ခုနှစ်မှာ ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပဖို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေနဲ့ သဘောတူညီမှုရထားပါပြီ။ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ အောင်မြင်စွာ ကျင်းပနိုင်ဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်"ဟု ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံသည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၀၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁၃ ခု ဆွတ်ခူးရရှိခဲ့သည်။ ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ်သည် အာဆီယံ နိုင်ငံများတွင် အလှည့်ကျ ကျင်းပလျက်ရှိပြီး ၂၀၁၇ ပြိုင်ပွဲမှာ ဘရူနိုင်းနိုင်ငံတွင် ကျင်းပရမည့် ပြိုင်ပွဲဖြစ်သော်လည်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပလိုခြင်းမရှိသောကြောင့် မလေးရှားနိုင်ငံက လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့်နိုင်ငံများကို ၂၀၂၅ ခုနှစ် တွင် အထိ ထုတ်ပြန်ကြေညာထားပြီး ၂၀၂၁ ခုနှစ် ဗီယက်နမ်၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယား၊ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံတို့က လက်ခံ ကျင်းပမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် လက်ခံကျင်းပမည်ဖြစ်သည်။