ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၄)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၄)
Published 17 August 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော
၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့်
ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

■ စီရော်နယ်လ်ဒိုရဲ့ သတ္တိ
စီရော်နယ်လ်ဒိုဟာ ဘောလုံးနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုမဆို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး သူလိုချင်တာကို ရအောင်တောင်းဆိုတတ်တဲ့သူမျိုး ဖြစ်ပါတယ်။ ၂၀၀၃-၀၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူ-ဝက်စ်ဟမ်းပွဲမှာ နည်းပြဖာဂူဆန်ကသူ့ကို ပွဲထွက်ကစားသမား အဖြစ်အသုံးမပြုဘဲအရံအဖြစ် သာထားရှိခဲ့ပါတယ်။ မန်ယူအသင်းမှာခြေစွမ်းပြလို့ ထင်ရှားလာတဲ့ လူငယ်ကစားသမားစီရော်နယ်လ်ဒိုကို ပြိုင်ဘက်ဝက်စ်ဟမ်းပရိသတ်တွေက စနောက်ချင်ကြတာကြောင့် ပွဲကြည့်စင်ပေါ်ကနေ သူ့ဆီဦးတည်ပြီး အော်ဟစ်လှောင်ပြောင်ကြပါတယ်။ " ဘယ်ဘက်မှာကစားလိုက်၊ ညာဘက်မှာကစား လိုက်နဲ့ကောင်လေးရော်နယ်လ်ဒို . . . အခုတော့ အရံခုံပေါ်မှာ ကစားနေရပြီ "လို့ သံပြိုင်အော်ဟစ်ပြီး စီရော်နယ်လ်ဒိုကို မခံချင်အောင်လှောင်ပြောင်ခဲ့ကြတာပါ။ နဂိုကမှ အရံကစားသမားဖြစ်နေလို့ နည်းပြဖာဂူဆန်ကို ကျွဲမြီးတိုနေတဲ့စီရော်နယ်လ်ဒိုဟာ အရံခုံတန်းကနေ ဘောက်ဆတ်ဘောက်ဆတ်နဲ့ထသွားပြီး ဝက်စ်ဟမ်းပရိသတ်တွေ သူ့ကိုလှောင်ပြောင်နေတာကြားသလားလို့ ဖာဂူဆန်ကို မေးလိုက်ပါတယ်။ ပရီးမီးယားလိဂ်ဘောလုံးလောကမှာ နှစ်ပေါင်းဆယ်ဂဏန်းချီပြီးနည်းပြလာတဲ့ ဖာဂူဆန်ဟာ ဒါမျိုးတွေရိုးနေပြီဖြစ်လို့ စီရော်နယ်လ်ဒို ဆူဆူအောင့်အောင့်နဲ့ မေးတာကိုဒေါသမထွက်ဘဲ သဘောကျပြီးရယ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်ယူအသင်းမှာသူ့ကိုဒါမျိုးမေးရဲတဲ့ကစားသမား တစ်ဦးမှမရှိခဲ့ဖူးလို့ပါပဲ။ အထူးသဖြင့် မကြာသေးမီကမှ အသင်းကိုရောက်ရှိလာတဲ့ ကစားသမားသစ်တစ်ဦး အရံခုံပေါ်မှာ ကြမ်းပိုးကိုက်သလို နေမထိထိုင်မသာဖြစ်နေတာ ရယ်ရွှင်ဖွယ်ရာဖြစ်နေသလို စီရော်နယ်လ်ဒိုရဲ့ ဘောလုံးကစားလိုတဲ့ စိတ်ဓာတ်ပြင်းပြမှုကိုလည်း တွေ့မြင်ခဲ့ရတာကြောင့်ပါ။ ဒီလို စိတ်ဓာတ်ပြင်းထန်တာမျိုးကို ဖာဂူဆန်က သဘောကျပါတယ်။ ဒါကြောင့် သူ့ကိုဒီလိုပြောရဲ၊ မေးရဲတဲ့ စိတ်ဆိုးဒေါသထွက်ဖို့ထက် ဒီကလေးရဲ့ရင်ထဲက ပြင်းပြတဲ့ ဆန္ဒစိတ်အဟုန်ကို သိခဲ့ရလို့ ဖာဂူဆန်ကျေနပ် ပီတိဖြစ်ပြီးရယ်ခဲ့တာပါ။

စီရော်နယ်လ်ဒိုဟာ အခြားမန်ယူကစားသမားတွေလို ဖာဂူဆန်ကိုအကြောက်အလန့် မရှိခဲ့ဘူးဆိုတာ မန်ယူနောက်ခံလူဟောင်းအိုရှေးက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ မရိုမသေ၊ မလေးမစားဆက်ဆံတာမျိုးမဟုတ်ပေမယ့် သူ့အနေနဲ့ ဖာဂူဆန်နဲ့ဆက်ဆံရာမှာ နည်းပြနဲ့ကစားသမား၊ ဆရာနဲ့တပည့်ဆက်ဆံရေးထက် သားအဖတွေဆက်ဆံသလို တရင်းတနှီးဆက်ဆံတာကို ကျန်မန်ယူကစားသမားတွေ တွေ့ခဲ့ရပါတယ်။ တစ်ခါတစ်ရံကစားသမားအချင်းချင်း ဘောလုံးအပြန်အလှန်ပစ် လေ့ကျင့်နေရာကနေ အနားရောက်လာတဲ့ဖာဂူဆန်ဆီ စနောက်သလိုဘော လုံးကိုပစ်လိုက်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဖာဂူဆန်က ဒါမျိုးလုပ်ရပ်တွေမှာ စီရော်နယ်လ်ဒို ကိုဗွေမယူဘဲပြုံးပြုံးရယ်ရယ်ပဲရှိနေတတ်ပါတယ်။

■ လိုတာထက်ပိုတဲ့စီရော်နယ်လ်ဒို
အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ တခြားကစားသမားတွေထက် လေ့ကျင့်မှုကို ပိုမိုပြုလုပ်တတ်တဲ့ စီရော်နယ်လ်ဒိုရဲ့ အမူအကျင့်ကလည်း ဖာဂူဆန်ကိုသဘောကျစေပါတယ်။ ဖာဂူဆန်ဟာ သူ့ရဲ့နည်းပြဘဝမှာ ကစားသမားပေါင်းစုံတွေ့ကြုံခဲ့ဖူးပြီး၊ တချို့ကစားသမားတွေကနည်းပြခိုင်းသလောက်သာ တာဝန်ကျေလုပ်တတ်ကြပါတယ်။ တချို့ကတော့ နည်းပြခိုင်းတဲ့အတိုင်းတောင်မလုပ်ချင်ဘဲ ခိုကပ်တတ်ကြပါတယ်။ စီရော်နယ်လ်ဒိုကတော့ သူ့အသိစိတ်ဓာတ်နဲ့သူ ပုံမှန်ထက် ပိုမိုလေ့ကျင့်တာကြောင့် မန်ယူနည်းပြအဖွဲ့အတွက်ကျေနပ်စရာဖြစ်ပြီး သူ့ရဲ့ အရည်အသွေးကလည်း အချိန်တိုအတွင်း သိသိသာသာတိုးတက်လာပါတယ်။ မန်ယူအသင်း မနက်ပိုင်းလေ့ကျင့်ရေးအစီအစဉ် ပြီးချိန်မှာ အခြားကစားသမားတွေက လေ့ကျင့်ရေးကွင်းကနေအလျှိုလျှို ပြန်သွားတတ်ပေမယ့် စီရော်နယ်လ်ဒိုကတော့ ကွင်းထဲမှာ တစ်ဦးတည်းကျန်နေတတ်ပါတယ်။ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေဝတ်ခဲ့တဲ့ လေ့ကျင့်ရေးဝတ်စုံ၊ ကစားခဲ့တဲ့ လေ့ကျင့်ရေးပစ္စည်းတွေကို သိမ်းဆည်းရတဲ့ ဝတ်စုံတာဝန်ခံတွေဖြစ်တဲ့ အဲလစ်ဝီလီ၊ ဂျွန်ကမ်းဘဲလ်တို့ဟာ စီရော်နယ်လ်ဒိုရဲ့ ဒဏ်ကိုအမြဲခံ ရလေ့ရှိပါတယ်။ လေ့ကျင့်ရေးပြီးရင် စီရော်နယ်လ်ဒိုက သူ့အတွက်ဘောလုံး (၁၀)လုံးလောက်ပေးပါလို့ တောင်းလေ့ရှိပါတယ်။ ပထမဆုံးအတောင်းခံရတဲ့ နေ့တုန်းက လူဖြောင့်စိတ်တို ဂျွန်ကမ်းဘဲလ်က အလုပ်လာရှုပ်နေတဲ့ စီရော်နယ်လ်ဒိုကို မင်းဘာလုပ်ဦးမလိုလဲကွာ" လို့ စိတ်ဆိုးမာန်ဆိုးအော်ဟစ် မေးမြန်းလိုက်ပါတယ်။ စီရော်နယ်လ်ဒို က " ကျွန်တော်ဖရီးကစ် လေ့ကျင့်မလို့ဗျ " လို့ ပြန်ပြောချိန်မှာ စိတ်မရှည်တဲ့ ဂျွန်ကမ်းဘဲလ်က ဗျစ်တောက်ဗျစ်တောက်ဆဲဆိုပြီး " ရော့ . . .အင့်၊ ငရဲသာသွားတော့ ရွန်နီးရေ " (Ronnie မှာ ရော်နယ်လ်ဒိုကို ခင်မင်ရင်းနှီးသူများခေါ်ဝေါ်ခြင်းဖြစ်သည်)ဆိုပြီး ပေးလိုက်ပါတယ်။ အဲဒီမှာ စီရော်နယ်လ်ဒိုက " သိပ်မကြာပါဘူး ဂျွန်ရာ၊ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်မယ့် သူဆိုတော့ ဒါမျိုးတွေ လေ့ကျင့်ဖို့လိုတယ် " လို့ ပြန်ပြောလိုက်ပါတယ်။

■ ဗန်ဒါးဆားနဲ့ ဖရီးကစ်လေ့ကျင့်
တစ်ခါတစ်ရံမှာလည်း စီရော်နယ်လ်ဒိုဟာ အသင်းရဲ့ပထမဂိုးသမားဗန်ဒါးဆားကို ဒုက္ခပေးတတ်ပါတယ်။ " တစ်ခါတလေ လေ့ကျင့်ခန်းပြီးချိန်မှာ စီရော်နယ်လ်ဒိုဟာ ကျွန်တော့်ကိုပေးမပြန်ဘဲ အတင်းဆွဲထား တတ်ပါတယ်။ သူ ဖရီးကစ်လေ့ကျင့်ရာမှာ ကျွန်တော်ကဂိုးဖမ်းဖို့ပါ။ ကျွန်တော်ကတိုမက်ဇ် (အရံဂိုးသမားကက်ဇက်) ကိုသွားခေါ်လို့ပြောရင် သူက ကျွန်တော်ခင်ဗျားကိုပဲ ဖမ်းစေချင်တယ်။ အကောင်းဆုံးဂိုးသမားကိုပဲ ကျွန်တော်ဂိုးသွင်းချင်တာလို့ ပြန်ပြောပါတယ် " လို့ ဗန်ဒါးဆားက သူ့အပေါ် စီရော်နယ်လ်ဒိုဂျီကျခဲ့ပုံကို ပြန်ပြောပြပါတယ်။ "မင်းငါ့ကို ဂိုးမသွင်းနိုင်စေရဘူးလို့ ပြောရင်ရအောင်သွင်းပြမယ်ဆိုပြီး ကြုံးဝါးပါတယ်။ တကယ်လည်း သူ ကျွန်တော့်ကို ဖရီးကစ် ဂိုးတွေလှလှပပသွင်းယူနိုင်ခဲ့ပါတယ် " လို့ ဗန်ဒါးဆားကပြောပြပါတယ်။ တောင်ပံကစားသမား တစ်ဦးဖြစ်ပေမယ့် ဒေးဗစ်ဘက်ခမ်လိုဖြတ်တင်ဘောတွေ ကောင်းကောင်းမွန်မွန်မပေးတတ်တဲ့ သူ့ကို ဗန်ဒါဆားက ဖြတ်တင်ဘောလေ့ကျင့်ဖို့ စည်းရုံးခဲ့ပါသေးတယ်။ ဗန်ဒါဆားက " တောင်ပံကနေ ဖြတ်တင်ဘောတွေကန်တာ လေ့ကျင့်ရအောင်။ မင်းကကန်၊ ငါကဖမ်းမယ် " လို့ပြောရင် စီရော်နယ်လ်ဒိုက" ပျင်းစရာကြီး၊ မကန်ချင်ပါဘူးဗျာ " လို့ပဲ ငြင်းဆန်လေ့ရှိပါတယ်။

စီရော်နယ်လ်ဒိုဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ မပါဝင်တဲ့သူ့ရဲ့ ကိုယ်ပိုင်ကြံ့ခိုင်ရေးလေ့ကျင့်မှု အစီအစဉ်တွေကိုလည်း ပြင်းပြင်းထန်ထန်ပြုလုပ်လေ့ရှိသူဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ ပြင်သစ်ကစားသမားလူးဝစ်ဆာဟာက မိမိရဲ့ကစားသမားဘဝမှာ လေ့ကျင့်ခန်းမှာခိုကပ်တယ်လို့ စွပ်စွဲခံခဲ့ရတာကြောင့် လေ့ကျင့်မှုတွေကို အပြင်းအထန်ပြုလုပ်ခဲ့ဖူးကြောင်း၊ ဒါပေမဲ့ မိမိရဲ့အပြင်း ထန်ဆုံးလေ့ကျင့်ခန်းဟာ စီရော်နယ်လ်ဒိုကိုမမီကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ ကန်တော့ချွန်တွေကို အစီအရီချပြီး သူတစ်ဦးတည်းဘောလုံးနဲ့အတူ ကွေ့ဝိုက်ဆွဲပြေးတာ၊ တစ်ဦးတည်းဘောလုံးမပါဘဲ ခန္ဓာကိုယ်ကိုဘယ် ညာယိမ်းပြေးတာတွေ ပြုလုပ်လေ့ရှိပြီး၊ သူ့ရဲ့ ပြေးအားအရှိန်ကို ထိန်းသိမ်းနိုင်အောင်အမြဲလေ့ကျင့်လေ့ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဘောလုံးပွဲတွေမှာ သူ့ရဲ့အရှိန်ကို သူလိုသလို ထိန်းချုပ်စေနိုင်ခဲ့ပါတယ်။

■ အသင်းကြံ့ခိုင်ရေးမှူးနဲ့အတူ
မန်ယူကိုရောက်ပြီး မကြာခင်မှာ စီရော်နယ်လ်ဒိုဟာ အသင်းကြံ့ခိုင်ရေးမှူး မိုက်ကလက်ချ်ကို နှစ်ဦးတည်းတွေ့ဆုံခဲ့ပြီး " ကျွန်တော် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်ချင်တယ်။ ကျွန်တော့်ကိုကူညီပေးပါ " လို့ ပြောခဲ့ပါတယ်။ မိုက်ကလက်ချ်ဟာ မန်ယူအသင်းမှာ သူဒုတိယမြောက်ပြောခဲ့သူပါ။ မန်ယူအသင်းနည်းပြကြီး ဖာဂူဆန်ကိုလည်း အသင်းကိုရောက်ပြီး မကြာခင်မှာ ဒီလိုစကားမျိုး သူပြောခဲ့ဖူးပါသေးတယ်။ ဖာဂူဆန်ဟာ အသင်းလေ့ကျင့်မှုတွေပြုလုပ်ပြီးရင် ကစားသမားတွေအနေနဲ့ ပြောစရာစကားရှိရင် သူ့ကိုတစ်ဦးချင်းလာပြောဖို့ လမ်းဖွင့်ပေးထားပြီး စီရော်နယ်လ်ဒိုက ဖာဂူဆန်နဲ့တွေ့ဆုံခဲ့ရာမှာ ဒီစကားပြောခဲ့တာပါ။ မန်ယူအသင်းရဲ့ ကြံ့ခိုင်ရေးမှူးမိုက်ကလက်ချ်ဟာ ဘောလုံးသမားတစ်ဦး မဟုတ်ခဲ့ပေမယ့် ဘောလုံးသမားတွေအပါအဝင် အားကစားသမားတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ကျွမ်းကျင်ပိုင်နိုင်နားလည်ပြီး အသင်းအတွက်အားကိုးရတဲ့ ကြံ့ခိုင်ရေးဆရာတစ်ဦး ဖြစ်ပါတယ်။ သူဟာမန်ယူအသင်းခေါင်းဆောင် ရွိုင်ကင်းရဲ့ ကစားသမားဘဝရှည်ကြာစေဖို့၊ တောင်ပံကစားသမားရိုင်ယန်ဂစ် အသက်(၄၀) ကျော်အထိ ဘောလုံးကစားနိုင်စေဖို့ အဓိကစွမ်းဆောင်ပေးခဲ့သူလို့ ပြောရင်လည်းမမှားပါဘူး။ မိုက်ကလက်ချ်ဟာ စီရော်နယ်လ်ဒိုကို သူတောင်းဆိုတဲ့ အတိုင်းဖြစ်လာစေဖို့များစွာ အကူအညီပေးခဲ့ပါတယ်။ " ကျွန်တော်က လေ့ကျင့်ရေးကွင်းကို မနက်(၉)နာရီဆိုရင် ပုံမှန်ရောက်နေကျပါ။ စီရော်နယ်လ်ဒိုလည်း ဒီအချိန်ထက် နောက်မကျဘဲ ရောက်ရောက်လာတတ်ပြီး တစ်ခါတစ်ရံ ဆိုရင်လည်း သူကအချိန်အများကြီး စောရောက်နေပါတယ်။ အဲဒီနောက် ကျွန်တော်တို့ Gym ခန်းမထဲမှာ (၂၀)(၂၅)မိနစ်လောက် သူ့ရဲ့ကြံ့ခိုင်မှုအတွက် လေ့ကျင့်ကြပါတယ်။ စီရော်နယ်လ်ဒိုဟာ အသင်းလေ့ကျင့်ခန်းအစီအစဉ် ပြီးရင်လည်း တစ်ဦးတည်းလေ့ကျင့်နေတတ်ပြီး သူက ဒီလိုလေ့ကျင့်ရတာကို ပိုပြီးသဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလေ့ကျင့်တဲ့အကွက်တွေကို တခြားသူတွေမမြင်စေချင်တာကြောင့်ပါ "လို့ မိုက်ကလက်ချ်က ပြောပြခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ လေ့ကျင့်ရေးအစီအစဉ်တွေမှာ သူ လေ့ကျင့်တဲ့ဘောလုံးလှည့်စားမှုတွေကို အသင်းငယ်တွေနဲ့ တွေ့တဲ့ပွဲတွေမှာ ပြုလုပ်တတ်တယ်လို့လည်း မိုက်ကလက်ချ်ကပြောပြပါတယ်။ " ချယ်လ်ဆီး၊ အာဆင်နယ်တို့လို အသင်းတွေနဲ့ ကစားတဲ့ပွဲကြီးပွဲကောင်းတွေမှာ သူအကွက်ဆန်းတွေသိပ်ပြလေ့မရှိဘူး။ ဒါဘီ၊ ဘော်လ်တန်အစရှိတဲ့ အသင်းငယ်တွေနဲ့ ပွဲတွေမှာ သူလုပ်ပြတတ်ပါတယ်။ ပွဲကြီးတွေမှာအမှားအယွင်း ဖြစ်သွားရင် အားလုံးက ဝိုင်းပြီးသတိထားမိမှာဖြစ်တဲ့အပြင် နည်းပြဖြစ်သူကလည်း စိတ်ဆိုးနိုင်တာကြောင့် သူမလုပ်တာပါ။ Gym ခန်းမထဲမှာ သူနဲ့ကျွန်တော် အတော်ကြာကြာလေ့ကျင့်ဖြစ်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုတွေက သူ့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုမိုကောင်းမွန်လာစေပြီး၊ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးဖြစ် လာစေခဲ့ပါတယ် " လို့ မိုက်ကလက်ချ်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent