ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)သည် ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းများအား အဆင့်အလိုက် ပေးချေမည့် ဆုကြေးများကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
UEFA သည် ဆုကြေးပမာဏ စုစုပေါင်းယူရို (၂.၃) ဘီလီယံကို ခွဲဝေပေးသွားမည်ဖြစ်ပြီး ယင်းထဲတွင် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ဥရောပစူပါဖလား (ချန်ပီယံအသင်း ယူရို ၄ သန်း၊ ဒုတိယအသင်း ယူရို ၃ သန်းရရှိမည်) နှစ်ခုပေါင်းအတွက် ယူရို (၁၃၁၈.၉) သန်း၊ ယူရိုပါလိဂ်ပြိုင်ပွဲအတွက် ယူရို (၃၉၉.၈)သန်း ပေးချေသွားမည်ဖြစ်သည်။
ကျန်သည့် ယူရို(၂၃၅၀)သန်းအနက် (၁၂) ရာခိုင်နှုန်းဖြစ်သော ယူရို (၂၈၂)သန်းကို စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်နှင့် ယူရို(၁၉၉.၇)သန်းအား ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် အသင်းများအတွက် နစ်နာကြေးအဖြစ် ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ တက်ရောက်မည့်အသင်း (၃၂)သင်းအား ယူရို(၁၂.၇)သန်းစီ ပေးချေမည်ဖြစ်ပြီး အုပ်စုတွင်း တစ်ပွဲနိုင်လျှင် ယူရို(၁.၅)သန်း၊ သရေကျလျှင် ယူရို(၅)သိန်းရရှိ မည်ဖြစ်သည်။ ရှုံးထွက်(၁၆)သင်းအဆင့်သို့ ရောက်ပါက ယူရို(၆)သန်း၊ ကွာတားဖိုင်နယ် အဆင့်တွင် ယူရို(၆.၅)သန်း၊ ဆီမီးဖိုင်နယ်အဆင့်၌ ယူရို (၇.၅)သန်းရရှိမည်ဖြစ်သည်။
ထို့ပြင် ဗိုလ်စွဲသောအသင်းမှာ ယူရို(၁၅.၅)သန်းရရှိမည်ဖြစ်ပြီး ဒုတိယရသည့်အသင်းမှာမူ ယူရို(၁၁)သန်းရရှိမည် ဖြစ်သည်။ သို့ဖြစ်ရာ အသင်းတစ်သင်းအနေဖြင့် အမြင့်ဆုံးရရှိနိုင်သည့် ဆုကြေးပမာဏမှာ ယူရို(၅၇.၂)သန်းအထိရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ UEFA သည် ချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်အတွက် ယူရို (၂၂၀၀၀၀)၊ ဒုတိယအဆင့်တွင် ယူရို (၂၃၀ç ၀၀၀)၊ တတိယအဆင့်၌ ယူရို (၄၂၀၀၀၀) ဆုကြေးများ ပေးချေမည်ဖြစ်ကြောင်း သိရသည်။