ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ထာဝရဂိုးသွင်းအများဆုံးတိုက်စစ်မှူးအဖြစ် ရပ်တည်နေသည့် နယူးကာဆယ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက မန်ယူတိုက်စစ်မှူးသစ် လူကာကူသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးပေါင်း(၂၅)ဂိုးမှ (၃၀)ကြား သွင်းယူနိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် အဲဗာတန်အသင်းမှ မန်ယူအသင်းသို့ ပေါင်(၇၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲတွင် ဂိုး(၂)ဂိုးသွင်းယူကာ ပုံစံကောင်းပြနိုင်ခဲ့သည်။
ထို့ကြောင့် အလန်ရှီးယားက ချီးကျူးစကားဆိုခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူရန် အလားအလာအကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်းလည်း သုံးသပ်ခဲ့သည်။
ရှီးယားက "လူကာကူဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ စိတ်အားထက်သန်တယ်၊ အရှိန်အဟုန်ကောင်းတယ်၊ အသင်းဖော်တွေနဲ့ အကောင်းဆုံးတွဲဖက်နိုင်သလို၊ ထိချက်တိုင်းက ထူးချွန်ပြောင်မြောက်တယ်။ သူက အဆင့်တစ်ဆင့်ကို မြင့်တက်လာမယ့်သူဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၂၅)ဂိုးနဲ့ ဂိုး(၃၀)ကြား သွင်းယူနိုင်ခြေရှိတယ်လို့လည်း ယုံကြည်ပါတယ်" ဟုပြောကြားခဲ့သည်။
လူကာကူသည် အဖွင့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ယခုရာသီပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ရေပန်းစားမှုစာရင်းတွင် စပါးတိုက်စစ်မှူး ဟာရီကိန်းကို ကျော်တက်ပြီး ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ကြောင်းလည်း သိရှိရသည်။