နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုပြုလုပ်နေသည့် မြန်မာ ယူ-၁၈ အသင်းနှင့် အီတလီကလပ် အင်တာမီလန် ယူ-၁၈ အသင်းတို့၏ ဒုတိယမြောက်ခြေစမ်းပွဲကို သြဂုတ် ၁၃ ရက် (ယနေ့) ညနေ ၆ နာရီ တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၈ အသင်းသည် စက်တင်ဘာတွင် ကျင်းပမည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။သြဂုတ် ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပထမပွဲတွင် အင်တာမီလန် ယူ-၁၈ အသင်း အား (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဂိုးသွင်းခွင့်များစွာ ဖန်တီးနိုင်ခဲ့ပြီး အပြန်အလှန် ကစားနိုင်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် နည်းပြချုပ် ပြင်သစ်နိုင်ငံသား ဘန်လာဘီ လက်ထက်တွင် ပထမဆုံး နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲ သုံးပွဲ၊ ပြည်တွင်းခြေစမ်းပွဲ တစ်ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ မြန်မာ ယူ-၁၈ အသင်းသည် အင်တာမီလန်အသင်း နှင့် ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ကစားပြီးပါက ယခုလအတွင်း MNL ကလပ် ရှမ်းယူနိုက်တက်အသင်း၊ ထိုင်း ယူ-၁၈ အသင်းတို့နှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်း နည်းပြချုပ် ဘန်လာဘီက “ပထမပွဲမှာ ဒုတိယပိုင်းကစားပုံကို အားရကျေနပ်ပါ တယ်။ ပထမပိုင်းထက် ကစားပုံပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေ ရှိပါသေးတယ်။ တိုက်စစ်နဲ့ ခံစစ် အပြောင်းအလဲပြုလုပ်တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေသေးပြီး အင်တာမီလန်အသင်းနဲ့ ဒုတိယပွဲမှာ ပြန်လည်ပြင်ဆင်သွားမှာပါ။ ဒုတိယပွဲမှာလည်း ပိုကောင်းလာအောင် စမ်းသပ်မှုတွေ ပြုလုပ်သွားမှာပါ။ ပထမပွဲကထက် ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။
မြန်မာ ယူ-၁၈ အသင်းသည် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ပထမခြေစမ်းပွဲတွင် (၂-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ချေပဂိုးများကို ဒုတိယပိုင်း၌ ပြည့်စုံနိုင်နှင့် မြတ်ကောင်းခန့်တို့က သွင်းယူပေးခဲ့သည်။