၂၀၁၇-၁၈ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် အာဆင်နယ်နဲ့ လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တာမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်အသင်းက (၄-၃)ဂိုးနဲ့ နိုင်ပွဲရယူခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ
ဒဏ်ရာပြဿနာရှိနေတဲ့ ဆန်းချက်ဇ် မပါဝင်ခဲ့ပေမယ့် အိုဇေးလ်၊ လာကာဇက်၊ ဝဲလ်ဘတ်စတဲ့ အဓိက ကစားသမားတွေ အစုံအလင်ပါဝင်ခဲ့တယ်။
အာဆင်နယ်အသင်းဟာ ပွဲအစ(၁)မိနစ်ကျော်အကြာမှာပဲ အဖွင့်ဂိုးရခဲ့ပြီး အယ်လ်နန်နီ ဖြတ်တင်ပေးတာကို လာကာဇက်က သူ့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ဂိုးအဖြစ် ခေါင်းတိုက်သွင်းယူခဲ့တယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ
လက်စတာအသင်း ချေပဂိုး ပြန်ရခဲ့ပြီး အိုကာဇာကီက ခေါင်းတိုက် သွင်းယူခဲ့တာပါ။ ဒီပွဲမှာ အာဆင်နယ်အသင်းရဲ့ကစားသမားတွေ Marking ကစားတာ အားနည်းချက်တွေရှိခဲ့ပြီး အဲဒီအားနည်းချက်ကို လက်စတာတိုက်စစ်မှူးတွေ ကောင်းကောင်း အသုံးချသွားခဲ့ပါတယ်။ လက်စတာအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန်(၂၉)မိနစ်မှာ အော်ဘရိုက်တန်ရဲ့ ဖြတ်တင်ဘောကနေ ဗာဒီက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမပြီးခင်မှာပဲ အာဆင်နယ် ချေပဂိုးပြန်ရခဲ့ပြီး ဝဲလ်ဘတ်က ကိုလာရှီနက်ရဲ့ တစ်ကိုယ်ကောင်းမဆန်ဘဲ ပေးပို့မှုကနေ ပိတ်သွင်းခဲ့တာပါ။
ဒုတိယပိုင်း(၅၆)မိနစ်မှာ လက်စတာ ဦးဆောင်ဂိုးပြန်ရခဲ့ပြီး ထောင့်ကန်ဘောကနေ ဗာဒီကပဲ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်း ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် မိနစ်(၈၀)အထိ ဂိုးမရခဲ့ဘဲ (၈၂)မိနစ်မှ ချာကာရဲ့ ပေးပို့မှုကနေ ရမ်ဆေးက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဂျရူးက ပွဲချိန်(၈၅)မိနစ်မှာချာကာရဲ့ ထောင့်ကန်ဘော ကန်တင်ပေးမှုကနေ ခေါင်းတိုက် သွင်းခဲ့တာ ဖြစ်ပါတယ်။