ပရီးမီးယားလိဂ်တန်းတက်ကလပ် ဘရိုက်တန်အသင်းသည် ကလပ်ဘရုဂေးအသင်းမှ ကိုလံဘီယာတောင်ပံကစားသမား အစ်ဇ်ကွီယာဒိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၆)သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရသည်။
အသက်(၂၅)နှစ်အရွယ် အစ်ဇ်ကွီယာဒိုသည် ကလပ်ဘရုဂေးအသင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လက ကိုလံဘီယာလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခြင်း ခံခဲ့ရသူဖြစ်သည်။
ဘရိုက်တန်အသင်းသည် ပရီးမီးယားလိဂ်တွင် ရေရှည်ရပ်တည်နိုင်ရေးအတွက် ရာသီသစ်စတင်ခါနီး၌ ကစားသမားသစ်ခေါ်ယူမှုများ ဆက်တိုက်ပြုလုပ်နေပြီး PSV အသင်းမှ နယ်သာလန်ကွင်းလယ်လူ ပရော့ပါကိုလည်း တနင်္လာနေ့က ပေါင်(၆)သန်းဖြင့် ခေါ်ယူခဲ့သည်။
ဘရိုက်တန်နည်းပြ ခရစ္စဟောက်တန်က "သူက ပြိုင်ပွဲစုံမှာ ပွဲပေါင်း(၂၅၀)လောက် ကစားထားတဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ပါ။ ထိပ်တန်းအရည်အသွေးရှိတဲ့ကစားသမားလည်း ဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
အစ်ဇ်ကွီယာဒိုသည် ၂၀၁၄-၁၅ ရာသီက ဘယ်လ်ဂျီယံလိဂ်၏ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူဖြစ်ကြောင်းလည်း သိရှိရသည်။