ဟီရိုနာ နှင့် လက်စ်ပါမားစ် (၁၃-၁-၂၀၁၈) စနေနေ့ ၆း၃၀ နာရီ
အိမ်ကွင်းမှာ ကစားပုံပိုကောင်းနေတတ်တဲ့ ဟီရိုနာရဲ့ ကစားအားကို လက်စ်ပါမားစ်တို့ ယှဉ်နိုင်ဖို့မရှိပါဘူး။ တစ်ခုရှိတာက ဟီရိုနာရဲ့အိမ်ကွင်းခံစစ်ပိုင်း အားနည်းမှုပါပဲ။ ဒါပေမဲ့ ဇယားအောက်ဆုံးက လက်စ်ပါမားစ်က ဟီရိုနာထက်ပိုပြီး ခံစစ်၊ တိုက်စစ် အဖက်ဖက်က အားနည်းနေလို့ ဒီပွဲတော့ ဟီရိုနာနဲ့ ဂိုးအများကိုပဲ ကြိုက်နေမိတယ်။
ရီးယဲလ်မက်ဒရစ် နှင့် ဗီလာရီးယဲလ် (၁၃-၁-၂၀၁၈) စနေနေ့ ၉း၄၅ နာရီ
ရီးယဲလ်မက်ဒရစ်ကတော့ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါပြောစရာရှိလာတယ်။ အသင်းက ပုံမှန်ကစားနေတယ်ဆိုပေမယ့် ပြိုင်ဆိုင်မှုနဲ့ နိုင်လိုမှုအပိုင်းမှာ အားလျော့လာနေသလိုပါပဲ။ အထူးသဖြင့် လာလီဂါဘက်မှာ စီရော်နယ်လ်ဒို ဂိုးရဖို့ ရုန်းကန်နေရတာ၊ ဘန်ဇီမာနဲ့ ဘေးလ်တို့ကလည်း ဒဏ်ရာတွေနဲ့ နားတစ်လှည့်၊ ကစားတစ်လှည့်ဖြစ်နေကြတာရယ်တွေက ရီးယဲလ်တိုက်စစ် ဂိုးရနှုန်းအတက်အကျများနေသလိုဖြစ်နေတယ်။ ဒါ့အပြင် ဇီဒန်းရဲ့ခံစစ်ပိုင်းအလှည့်ကျလူထုတ်ပုံနဲ့ လူငယ်တွေရဲ့ ခြေစွမ်းကလည်း ပုံမှန်အားကိုးရလောက်တဲ့အဆင့် ရောက်မလာသေးတာတွေကလည်း ဒီရာသီ ရီးယဲလ်ရဲ့ ကစားဟန်ကို ပိုထိခိုက်စေသလိုဖြစ်နေတယ်။ အခုရင်ဆိုင်ရမယ့် ဗီလာရီးယဲလ်ကလည်း ဘာနေဗျူးနောက်ဆုံး (၃)ကြိမ်တွေ့ဆုံထားမှုမှာ ရီးယဲလ်ကို (၂)ကြိမ်သရေကျအောင် ကစားထားနိုင်တဲ့အသင်းဖြစ်နေလို့ ပြိုင်ဘက်ကောင်းလို့ ပြောနိုင်တယ်။ ဗီလာရီးယဲလ်ဟာ အိမ်ကွင်းမှာ တိုက်စစ်ဖွင့်ကစားလေ့ရှိပေမယ့် အဝေးကွင်းမှာ တိုက်စစ်အားကောင်းတဲ့အသင်းတွေနဲ့တွေ့ရင် တစ်သင်းလုံး ခံစစ်ပိတ်ကစားလေ့ရှိသလို၊ ပြိုင်ဘက်အငိုက်ဖမ်းပြီး ဂိုးရယူလေ့ရှိနေတယ်။ ဒီပွဲတော့ ဂိုးနည်းသရေပွဲပဲ မှန်းထားချင်တယ်။
အီဘာ နှင့် အက်သလက်တီကို (၁၃-၁-၂၀၁၈) စနေနေ့ ၁၂း၀၀ နာရီ
ဒီပွဲကတော့ အိမ်ကွင်းမှာ တိုက်စစ်ရော၊ ခံစစ်ပါဟန်ချက်ညီအောင် ကစားပြနေတဲ့ အီဘာကို အက်သလက်တီကို ဘယ်လောက်အထိထိန်းကစားနိုင်မလဲပဲ စောင့်ကြည့်ရတော့မယ်။ အီဘာနဲ့ ဂိုးအနည်းပဲကြိုက်နေမိတယ်။
ဒီပို့တီဗို နှင့် ဗလင်စီယာ (၁၄-၁-၂၀၁၈) တနင်္ဂနွေနေ့ နံနက် ၂း၁၅ နာရီ
ဒီပို့တီဗိုရဲ့ခြေစွမ်းက စိတ်မချရသေးဘူး။ အတက်အကျ မြန်နေတယ်။ ဒါပေမဲ့ ဗလင်စီယာကလည်း ခံစစ်မငြိမ်သေးသလို၊ အဝေးကွင်းမှာရုန်းကန်နေရတာတွေလည်းရှိလို့ ဒီပို့တီဗိုအတွက် တော့မျှော်လင့်ချက်ရှိတယ်။ ဒီပို့တီဗိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။