ယနေ့ညနှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ

ယနေ့ညနှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ
Published 22 December 2017

အာဆင်နယ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ပထမအကျော့တွေ့ဆုံခဲ့စဉ် (Photo:AFP)

■ ပရီးမီးယားလိဂ်
■ အာဆင်နယ် နှင့် လီဗာပူးလ် (၂၃-၁၂-၂၀၁၇ နံနက် ၂း၁၅ နာရီ)
ဒီပွဲကို ထူးထူးခြားခြားသောကြာနေ့ညမှာကစားသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက်အပြိုင်ဖြစ်နေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဖြစ်တယ်။ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းက အဆင့် (၄)နေရာမှာ ရှိနေပေမယ့် အာဆင်နယ်အသင်းထက် တစ်မှတ်အသာအနေအထားသာဖြစ်ပြီး အာဆင်နယ်က အိမ်ကွင်းပွဲစဉ်မှာ အခွင့်အရေးယူနိုင်ရင် နှစ်မှတ်ပြန်ဖြတ်နိုင်မယ့်အခွင့်အရေးလည်းဖြစ်နေတယ်။ လက်ရှိအချိန်မှာ လီဗာပူးလ်ရဲ့ ခြေစွမ်းက အာဆင်နယ်ထက်ပို ကောင်းတယ်လို့ ပြောလို့ရပြီး ဘုန်းမောက်နဲ့ပွဲမှာ ကစားသွားတဲ့ ခြေစွမ်းနဲ့တိုက်စစ်ကို အာဆင်နယ်ခံစစ်ပိုင်းက ခက်ခက်ခဲခဲ ထိန်းချုပ်ရလိမ့်မယ်။ နောက်ပိုင်းပွဲတွေမှာ အာဆင်နယ်ရဲ့ ခံစစ်ဘယ်ခြမ်းက ကိုလာရှီနက်နဲ့ မွန်ရီယဲလ်တို့ကြားမှာ အမြဲတမ်း နေရာလွတ်တွေပေါ်နေပြီး မွန်ရီယဲလ်ရဲ့ ခံစစ်ပိုင်းအားနည်းမှုတွေကိုလည်း တွေ့နေရတယ်။ အဲ့ဒီနေရာမှာ ကစားမှာက လီဗာပူးလ်အတွက် ဒီရာသီမှာအားအထားရဆုံးကစားသမားဆာလာဖြစ်ပြီး ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းနဲ့ ဂိုးသွင်းစွမ်းရည်အားလုံးအမြင့် ဆုံးအချိန်ဖြစ်နေလို့ အာဆင်နယ်ခံစစ် ပြဿနာပေါ်နိုင်တယ်။ ဆန်းချက်ဇ်နဲ့ အိုဇေးလ်ဦးဆောင်မယ့်တိုက်စစ်ကလည်း အားနည်းတဲ့ လီဗာပူးလ်ခံစစ်ကို ဒုက္ခပေးနိုင်မှာပါ။ အပြန်အလှန်ဂိုးတွေသွင်းဖို့များတယ်။ လီဗာပူးလ်မရှုံးလောက်ဘူး။
■ အာဆင်နယ် နှင့် လီဗာပူးလ်ပွဲစဉ်မှ ပွဲကြိုအချက်အလက်များ
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး (၁၄)ပွဲတွင် (၁၃)ပွဲအထိ အနိုင်ရရှိခဲ့ပြီး (၂)ဂိုးနှင့်အထက် သွင်းယူနိုင်သည့်ပွဲမှာ လည်း (၁၂)ပွဲအထိ ရှိခဲ့သလို၊ Clean Sheet ရရှိခဲ့သည့်ပွဲမှာလည်း (၁၀)ပွဲအထိ ရှိခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံအဝေးကွင်းနောက်ဆုံး (၁၀)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ခဲ့ပြီး (၃)ဂိုးနှင့်အထက်သွင်းနိုင်သောပွဲမှာ (၇)ပွဲအထိရှိခဲ့သည်။
အာဆင်နယ်နှင့် လီဗာပူးလ်တို့တွေ့ဆုံသည့် ပရီးမီးယားလိဂ်နောက်ဆုံး (၁၀)ပွဲတွင် (၈)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့် အထက်ရှိခဲ့သည်။

■ လာလီဂါပွဲစဉ်များ
■ ဘက်တစ် နှင့် ဘီလ်ဘာအို (၂၃-၁၂-၂၀၁၇ နံနက် ၁း၀၀ နာရီ)
အဝေးကွင်းဆိုရင် ဂိုးတွေရတတ်ပေမယ့် ဘီလ်ဘာအိုရဲ့ အဝေးကွင်းကစားအားက စိတ်ချထားလို့မရပါဘူး။ အထူးသဖြင့် ဘီလ်ဘာအိုရဲ့ခံစစ်က အိမ်ကွင်းမှာ မဆိုးလှပေမယ့် အဝေးကွင်းမှာ စိတ်မချရဘူး။ ဘက်တစ်က အိမ်ကွင်းမှာ ဂိုးရအောင်ကစားနိုင်လို့ဘီလ်ဘာအိုခံစစ်ကို ဖိအားပေးဦးမှာပါ။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။

■ အက်စ်ပန်ညိုနှင့် အက်သလက်တီကို (၂၃-၁၂-၂၀၁၇ နံနက် ၃း၀၀ နာရီ)
နိုင်ပွဲတွေပြန်ယူလာရင်း အက်သလက်တီကို အဆင့် (၂)နေရာကို ရောက်လာနေပါပြီ။ ဒါကြောင့် လက်ရှိသူတို့ရဲ့အရှိန်ကို လျှော့ချလိုက်ဖို့ မရှိပါဘူး။ အက်စ်ပန်ညိုကလည်း ဒီရာသီမှာ ရုန်းကန်နေရပြီး ခြေစွမ်းပိုင်းကပုံမှန်မရှိဘူး။ အရင်လိုအိမ်ကွင်း ကစားအားလည်း မကောင်းတော့လို့ အက်သလက်တီကို ကို ယှဉ်နိုင်ဖို့မရှိပါဘူး။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။

■ စီးရီးအေပွဲစဉ်များ
■ချီယေဗို နှင့် ဘိုလော့ဂ်နာ (၂၂-၁၂-၂၀၁၇ ည ၁၁း၃၀ နာရီ)
ချီယေဗိုဟာ ဘိုလော့ဂ်နာနဲ့ ရင်ဆိုင်ခဲ့တဲ့ အိမ်ကွင်းနောက်ဆုံး (၁၃)ပွဲမှာ (၁၂)ပွဲအထိ ရှုံးပွဲမရှိအောင်ကစားထားတယ်။ လက်ရှိရာသီအိမ်ကွင်းမှာ ချီယေဗိုဟာ နာပိုလီ၊ ရိုးမားတို့လို အသင်းတွေကို ဂိုးမပေးရဘဲ သရေကစားထားနိုင်ပါတယ်။ ဒါပေမဲ့ ဘိုလော့ဂ်နာက အဝေးကွင်း(၈)ပွဲမှာ (၄)ပွဲနိုင်ထားတယ်။ ဘိုလော့ဂ်နာ တစ်မှတ်မျှော်လင့်ခွင့်ရှိတယ်။

■ကာဂလီယာရီ နှင့် ဖီအိုရင်တီးနား (၂၃-၁၂-၂၀၁၇ နံနက် ၂း၁၅ နာရီ)
ကာဂလီယာရီ နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပေမယ့် အသင်းလိုက်ကစားပုံနဲ့ စိတ်ပိုင်းဆိုင်ရာခံယူချက် မဆိုးပါဘူး။ အိမ်ကွင်းမှာဆို ပိုအားထုတ်ကစားတတ်လို့ အဝေးကွင်းမှာ ဂိုးအရနည်းနေတဲ့ ဖီအိုရင်တီးနား သတိထားရဦးမယ်။ အဝေးကွင်း (၃)ပွဲဆက် သရေကျထားတဲ့ ဖီအိုရင်တီးနား ဒီပွဲမှာလည်း အမှတ်လျော့ဦးမယ်ထင်တယ်။

Most Read

Most Recent