ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထုတွေ့ဆုံပွဲများ ကျင်းပခွင့်မရသဖြင့် NCA ထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီအပါအဝင် ရခိုင်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် ကျင်းပရေးကော်မတီနှစ်ရပ်အား ဖျက်သိမ်း

ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထုတွေ့ဆုံပွဲများ ကျင်းပခွင့်မရသဖြင့် NCA ထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီအပါအဝင် ရခိုင်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် ကျင်းပရေးကော်မတီနှစ်ရပ်အား ဖျက်သိမ်း
Published 22 March 2018

ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထုတွေ့ဆုံပွဲများ ကျင်းပခွင့်မရသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီအပါအဝင် ရခိုင်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် ကျင်းပရေးကော်မတီနှစ်ရပ်အား မတ် ၂၀ ရက်တွင် ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုးပမ်းရန်အတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖွဲ့စည်းခဲ့သည့် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည့် ရခိုင်လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးကော်မတီကိုလည်းကောင်း ဖျက်သိမ်းလိုက်ကြောင်း ကော်မတီနှစ်ရပ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင်ပါရှိသည်။

“ကျွန်မတို့က မျှော်လင့်ချက်ကြီးစွာနဲ့ပဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရလိမ့်မယ်ဆိုပြီး မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးတဲ့အချိန်ကတည်းက ကျွန်မတို့က အဟန့်အတားတွေ ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်ကို ရောက်လာတဲ့အခါ ရခိုင်မှာ အဆင်သင့်မဖြစ်ဘူးဆိုပြီးတော့မှ ပြောလာတယ်။ အဆင်သင့်ဖြစ်တဲ့ နေရာဒေသတွေကို ဦးစားပေးလုပ်ခိုင်းမယ်ဆိုပြီး UPDJC ရှစ်ကြိမ်မြောက်အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံကပြောလာတယ်။ ကျွန်မတို့က ကိုယ့်တိုင်းပြည်မှာ၊ ကိုယ့်ပြည်မှာ အဆင်သင့်ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားတယ်။ အနိုင်ရပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ လက်တွဲဖို့ကြိုးစားတယ်။ ANP ကလည်း သဘောတူတယ်။ CSO တွေနဲ့ အားလုံးပြောကြတယ်။ CSO တွေကလည်း သဘောတူတယ်။ အဲဒီလိုမျိုးနဲ့ ၂၀၁၇ ခုနှစ် ကျွန်မတို့ကြိုးစားလို့ပြီးတဲ့အခါမှာ အစိုးရကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့လို့ ပြောလိုက်တဲ့အချိန်မှာ ခွင့်မပြုတော့ဘူး။ အဲဒီကော်မတီနှစ်ခုက မတ် ၂၀ ရက်အထိ ရှိနေခဲ့တာပေါ့” ဟု ALP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့်မရရှိသေးဘဲ အစိုးရဘက်ကမူ ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမရရင်လည်း အစိုးရက နိုင်ငံတကာ အခက်အခဲတွေကြောင့် နယ်စပ်ကိစ္စလည်း ရှိနေတယ်ဆိုတော့ ကျွန်မတို့က လူထုတွေ့ဆုံပွဲလေးတွေကို လုပ်တော့မယ်ဆိုပြီးတော့ ၂၀၁၇၊ ၂၀၁၈ ကြားမှာ ကြိုးစားလာသော်လည်း ၂၀၁၈ ခုနှစ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုမပြောနဲ့ လူထုတွေ့ဆုံပွဲလည်း လုပ်ခွင့်မရတဲ့အနေအထား ဖြစ်လာတယ်။ အဲဒီလိုဆိုတော့ ကျွန်မတို့က ဒီကော်မတီတွေကို လူထုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ကော်မတီမှာ ၅၇ ဦးသောလူတွေပါတယ်။ အဲဒီလိုအနေအထားမျိုးတွေမှာ ကျွန်မတို့က အကြာကြီးအချိန်စောင့်ပြီးတော့မှ ဘယ်နေ့ဖြစ်လာမလဲ စသည်အားဖြင့် မျှော်တလင့်လင့်နဲ့ ရှိနေကြတဲ့သူတွေဟာ စိတ်မဝင်စားနိုင်ကြဘူး။ ပြီးလို့ရှိရင် တအားကို စိတ်အနှောင့်အယှက်တွေဖြစ်ကြတယ်။ တစ်ဖက်မှာဆိုရင်လည်း ကျွန်မတို့နဲ့အတူ လက်တွဲပြီးမှလုပ်လာတဲ့ ANP ကလည်း စိတ်ရှည်သည်းခံနိုင်မှု ကုန်ခန်းလာတာပေါ့။ ကျွန်မတို့ဆိုရင်လည်း လူထုကို ညာနေသလိုမဖြစ်ချင်တော့ဘူး။ အရှိကိုအရှိတိုင်းပဲ လူထုကို တင်ပြဖို့လိုတယ်ဆိုတဲ့ အနေအထားတွေပေါ်မှာ ကော်မတီကို မထားသင့်တော့ဘူး။ လောလောဆယ်မှာလည်း ဖြစ်လာစရာအကြောင်းမရှိတော့ဘူး။ ကျွန်မတို့က JICM မှာလည်း ဆွေးနွေးပြီးပြီ။ UPDJC မှာလည်း ထပ်ကာတလဲလဲ ဆွေးနွေးပြီးပြီ။ မူဘောင်မှာလည်း ကျွန်မတို့က ဆွေးနွေးပြီးပြီ။ အဲဒီလို ဆွေးနွေးမှုပေါင်းလည်း များခဲ့ပြီးပြီ။ ဘာမှလည်းမရဘူးဆိုတော့ ဒီကော်မတီကို မထားသင့်တော့ဘူးဆိုပြီး ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ထိုသို့ဖြစ်ပေါ်နေသည့် အခြေအနေများကို ALP အဖွဲ့အစည်းထံ တင်ပြထားပြီး ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးနှင့်ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို ALP က ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အဆင်ပြေစွာကျင်းပနိုင်ခြင်း မရှိသေးသည့်အချိန်တွင် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပရန်ကိစ္စမှာ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ဆုံးဖြတ်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

အလားတူ RCSS/SSA သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိထားသော်လည်း အဆိုပါဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများ ကျင်းပရာတွင် တားမြစ်မှုများခံရသဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ပြုလုပ်နိုင်ခြင်းမရှိဘဲ ယာယီရွှေ့ဆိုင်းထားကာ လက်ရှိတွင်အစိုးရဘက်မှ RCSS ဘက်သို့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် တစ်ဆို့မှုများကျော်ဖြတ်နိုင်မည့် လမ်းကြောင်းနှစ်ခုအား ရွေးချယ်နိုင်ရန် ကမ်းလှမ်းထားသည်။