ပန်းဘဲတန်းမြို့နယ်ရှိ ရတနာပစ္စည်းအရောင်းဆိုင်အား လူတစ်ဦးက ဝင်ရောက်ပြီး ပစ္စည်းများ လုယက်ခဲ့သည်ဟု ဆိုင်ဝန်ထမ်းပြောဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်

ပန်းဘဲတန်းမြို့နယ်ရှိ ရတနာပစ္စည်းအရောင်းဆိုင်အား လူတစ်ဦးက ဝင်ရောက်ပြီး ပစ္စည်းများ လုယက်ခဲ့သည်ဟု ဆိုင်ဝန်ထမ်းပြောဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်
Published 23 September 2017

ပန်းဘဲတန်းမြို့နယ်ရှိ ရတနာပစ္စည်း အရောင်းဆိုင်အား လူတစ်ဦးက ဝင်ရောက်ပြီး ပစ္စည်းများ လုယက်ခဲ့သည်ဟု ဆိုင်ဝန်ထမ်းက ပြောဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စက်တင်ဘာ ၂၂ ရက် ညပိုင်း၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်၌ ဆိုင်ရှိအမျိုးသမီးဝန်ထမ်းမှာ ဆိုင်ဖွင့်နေစဉ် ကျပ်သိန်း ၈၀ တန် စိန်ဆွဲသီး လုယက်ခံရကြောင်း တိုင်ကြားသည်မှာ မမှန်မကန်လုပ်ကြံပြီး တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ မဟုတ်မမှန် တိုင်ကြားခဲ့သည့် ဆိုင်ဝန်ထမ်းမှာ ဒေါ်အဲန်သဲဖြစ်ပြီး ၎င်းမှာ ယင်းဆိုင်၌ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ တိုင်ကြားချက်မှာ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလမ်းမပေါ် ၂၉ လမ်းအနီး ဖွင့်လှစ်ထားသည့် ရတနာပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သည့် ဒေါ်အဲန်သဲသည် စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခန့်က နေအိမ်မှစိန်ထည်ပစ္စည်း ၂၉ မျိုး ထည့်ထားသည့် အမျိုးသမီးကိုင် ဘေးလွယ်အိတ်ကို ယူဆောင်ကာ ၎င်းအလုပ်လုပ်ကိုင်သည့် အဆိုပါဆိုင်အား လာရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်ပြီး ဆိုင်တံခါးအားဖွင့်ကာ စိန်ထည်ပစ္စည်းများ ထည့်ထားသော လွယ်အိတ်ကို ကောင်တာစားပွဲပေါ်တင်၍ အခြားကောင်တာများအား ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ် အမျိုးသားတစ်ဦးက ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး ဒေါ်အဲန်သဲ၏ ပါးစပ်အား နောက်မှနေ၍ တိပ်ဖြင့်ပတ်ကာ ဦးခေါင်းအား စားပွဲပေါ်သို့ ဆောင့်တွန်းပြီး အိတ်အတွင်း ထည့်ထားသည့် စိန်ထည်ပစ္စည်းများအနက် ပတ္တမြားကို ခရုပတ်ပုံစီခြယ်ထားသည့် ဆွဲသီးတစ်ခုအား ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

ဖြစ်စဉ်မှ ကျူးလွန်သူအား သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ အခင်းဖြစ်ပွားရာအနီးရှိ စီစီတီဗွီမှတ်တမ်းနှင့် ပတ်ဝန်းကျင် သက်သေများအား စစ်ဆေးရာ အခင်းဖြစ်ပွားသည့်ဆိုင်သို့ ဒေါ်အဲန်သဲတစ်ဦးသာ အဝင်အထွက်ရှိကြောင်း သိရသဖြင့် ဆိုင်ပိုင်ရှင်နှင့် ဒေါ်အဲန်သဲအား ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ အခင်းဖြစ်ပွားသည့်နေ့ မတိုင်ခင် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် အမျိုးသမီးနှစ်ဦး ဆိုင်သို့လာပြီး စိန်နှင့်ပတ္တမြားပါ ဆွဲသီးနှင့်အခြားစိန်ဆွဲသီးများအား ကြည့်ရှုမေးမြန်းခဲ့ကြောင်း၊ ယင်းနေ့ ညနေဘက်တွင် အဆိုပါအမျိုးသမီးနှစ်ဦးက ဆိုင်သို့ ထပ်မံရောက်လာပြီး ငွေကျပ် ခြောက်သိန်းတန်ဖိုးရှိ စိန်ရွှေဆွဲသီးတစ်ခု ဝယ်မည်ဟုပြောကာ စရန်ငွေအဖြစ် ၉၅၀၀၀ ပေးသဖြင့် ဒေါ်အဲန်သဲက ယင်းအမျိုးသမီးနှစ်ဦးပေးသည့်ငွေအား ရေတွက်နေစဉ် အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ၎င်းတို့ကြည့်နေသည့် ကျပ်သိန်း ၈၀ တန်စိန်နှင့် ပတ္တမြားပါဆွဲသီးကို ဆိုင်သို့ပေးပြီး အပြင်သို့ထွက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦး ထွက်သွားသည့်အချိန်တွင် ဆွဲသီးအား အစစ် အတုနှင့် လဲသွားသည်ကို ဒေါ်အဲန်သဲက ဆိုင်ပိုင်ရှင်အား အသိမပေးဘဲ စရန်ပေးထားသည့်ကိစ္စသာ ပိုင်ရှင်အား အသိပေးခဲ့ကြောင်း၊ ထို့ပြင် ဒေါ်အဲန်သဲမှာ အမျိုးသမီးနှစ်ဦး လိမ်သွားသည့် ဆွဲသီးအတုအား ရွှေဘုံသာလမ်းရှိ အမှိုက်ပုံးတစ်ခုအတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရတနာဆိုင်ပိုင်ရှင်မှ စရန်ငွေပေးသွားသည့် အမျိုးသမီးနှစ်ဦး၏ ဖုန်းအား ဆက်သွယ်ရာမရခဲ့ကြောင်း သိရသည်။

ဆိုင်ဝန်ထမ်းဖြစ်သူ ဒေါ်အဲန်သဲမှာ အမျိုးသမီးနှစ်ဦး လိမ်လည်သွားသည်ကို ဆိုင်ပိုင်ရှင်သိလျှင် ၎င်းအား အပြစ်ပြောဆိုခံရမည်ကိုသိသည့်အပြင် ပစ္စည်းတန်ဖိုးအား ပေးလျော်ရမည်ကို စိုးရိမ်သဖြင့် ဆိုင်ဖွင့်သည့်အချိန်တွင် အလုယူခံရကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် ၎င်းကိုယ်တိုင်ဆိုင်အတွင်းရှိ မှန်ဗီရိုကို နဖူးဖြင့်ဆောင့်ကာ မိမိကိုယ်ကိုယ်ဒဏ်ရာရအောင် ပြုလုပ်ခဲ့ခြင်း၊ ပါးစပ်ကိုတိပ်အဝါဖြင့်ပတ်ပြီး ပတ်ထားသည့် တိပ်အားဖြုတ်ကာ ဆိုင်အတွင်း၌ထားခဲ့ကြောင်း၊ ၎င်းကိုယ်တိုင်ပတ်ထားသည့် တိပ်အား ရွှေဘုံသာလမ်းရှိ ဘဏ်အနီးတစ်ခုတွင် လွှင့်ပစ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ အမှုအား လိမ်လည်တိုင်တန်းခဲ့သည့် ဒေါ်အဲန်သဲအား ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး ဆွဲသီးအား အတုပြုလုပ်ကာ လိမ်လည်ခဲ့သည့် အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent