ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် ကိုဝင်းကိုကိုလတ် အပါအဝင် လေးဦးတို့ကို စက်တင်ဘာ ၂၁ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ၎င်းတို့လေးဦးအား စွဲဆိုထားသည့် ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ)တို့နှင့်ပတ်သက်၍ ရုံးချိန်းကို စက်တင်ဘာ ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ပုဒ်မနှစ်ခုစလုံးအတွက် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
“ဘင်္ဂါလီတွေက ရိုဟင်ဂျာဆိုတဲ့နာမည်ကို အသုံးပြုပြီးတော့ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတယ်။ ဒီခိုးဝင်ဘင်္ဂါလီတွေဟာ အရမ်းအန္တရာယ်ရှိနေပါတယ်။ ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ရော၊ တပ်မတော်အနေနဲ့ရော ခွဲခြားပေးပါ။ တကယ်ကောင်းတဲ့သူတွေနဲ့ အကြမ်းဖက်တဲ့သူတွေနဲ့ ခွဲခြားပေးပြီးတော့ တိုင်းရင်းသားတွေအတွက် ထိရောက်တဲ့ အကာအကွယ် အစီအမံတွေ ဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဒီလိုပြောခဲ့တဲ့အတွက် ကျွန်တော်တို့ကို ထောင်ထဲထည့်ထားတယ်။ ဒီလိုလုပ်တဲ့အတွက် ကျွန်တော်တို့က ရပ်သွားမှာမဟုတ်ဘူး။ ဆက်သွားနေမှာပါ” ဟု ကိုဝင်းကိုကိုလတ်က ပြောကြားသည်။
အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် ကိုဝင်းကိုကိုလတ် အပါအဝင် သက်မျိုးဦး၊ နောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ နေဝင်းအောင်တို့ကို အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရသည်။
အမှုတွဲ၌ ပါဝင်သည့် ဆရာတော် ဦးပါမောက္ခနှင့် သံဃာတော်နှစ်ပါးတို့မှာ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံရပြီးနောက် တရားရုံးတွင် လာရောက်ရင်ဆိုင်ခြင်း မရှိသေးပေ။
၂၀၁၆ ခုနှစ် ဧပြီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် အမေရိကန်သံရုံး-ရန်ကုန်၏ ထုတ်ပြန်ချက်တွင် “ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ် သဲချောင်းအနီး စက်လှေတစ်စင်းနစ်မြုပ်ပြီးနောက် ကြေကွဲဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရသူများနှင့် ပတ်သက်သည့် သတင်းအတွက် မိမိတို့ များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ဒေသခံသတင်းများအရ ရိုဟင်ဂျာလူမှု အသိုက်အဝန်းများမှဟု သိရှိရသော အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်ပြည်သူများကိုယ်စား မိမိတို့ ပြောကြားလိုပါသည်” ဟု ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ အမေရိကန်သံရုံး-ရန်ကုန်၏ ထုတ်ပြန်ချက်အပေါ် သံဃာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူများက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်တွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။